ရန်ကုန်၊ သြဂုတ် ၂၃
လယ်ယာကဏ္ဍတွင်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ရခြင်းမှာ ပြည်တွင်း၌ အခြေခံ
အဆောက်အဦ လိုအပ်ချက်များအပြင် နိုင်ငံသားများက ဖက်စပ်ရင်းနှီး
မြှုပ်နှံနိုင်မည့် ငွေကြေးပမာဏ မရှိခြင်းကြောင့် ဖြစ်ကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
နိုင်ငံခြားသား
လုပ်ငန်းရှင်တစ်ဦးက လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုပါက
ရာနှုန်းပြည့်မရဘဲ ၄၉ ရာခိုင်နှုန်းသာ ရင်းနှီးမြှုပ်နှံခွင့်ရှိပြီး
ပြည်တွင်းလုပ်ငန်းရှင်က ကျန်ရှိသည့် ၅၁ ရာခိုင်နှုန်းကို
ရင်းနှီးမြှုပ်နှံရကြောင်း၊ ယင်းကဲ့သို့ ဖက်စပ် ရင်းနှီးမြှုပ်နှံရာတွင်
ရင်းနှီးမြှုပ်နှံမှု ပမာဏနည်းသည့်အခါ ပြဿနာမရှိသော်လည်း အမေရိကန်ဒေါ်လာ
သန်းချီ၍ ရင်းနှီးမြှုပ်နှံသည့်အခါ ပြည်တွင်းလုပ်ငန်းရှင်က မလိုက်နိုင်သည့်
အခြေအနေများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား
မဝင်ရောက်ခြင်းဖြစ်ကြောင်း ယင်းဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်
ဦးသန်းအောင်ကျော်က ပြောကြားသည်။
ယခင်အစိုးရ
လက်ထက်က ရင်းနှီးမြှုပ်နှံမှု တိုးတက်အောင် လုပ်ရမည့်ကဏ္ဍတွင် စက်မှုနှင့်
လယ်ယာပါဝင်ခဲ့ပြီး လယ်ယာကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ
ဝင်ရောက်မှု မရှိသလောက် နည်းပါးခဲ့ပြီး လက်ရှိအချိန်အထိ သုညဒသမ ၅
ရာခိုင်နှုန်းသာ ရင်းနှီးမြှုပ်နှံမှု ရှိသေးကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
လက်ရှိအချိန်တွင်
ရင်းနှီးမြှုပ်နှံမှု မူဝါဒကို ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေကြောင်း
ယင်းမူဝါဒတွင် ရင်းနှီးမြှုပ်နှံမှု ဦးစားပေး တိုးတက်အောင်လုပ်မည့် ကဏ္ဍ၌
လယ်ယာကဏ္ဍ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ယင်းကဏ္ဍသို့ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် အခက်အခဲ ဖြစ်နေသည့် အချက်များကို
ဖြေလျှော့သွားမည်ဖြစ်ကြောင်း ဦးသန်းအောင်ကျော်က ဆိုသည်။
လယ်ယာကဏ္ဍတွင်
ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ခြင်းမှာ လမ်းပန်းဆက်သွယ်ရေး
အခက်အခဲကြောင့်ဖြစ်ပြီး အခြေခံ အဆောက်အဦ လိုအပ်ချက်ကို ဖြည့်ဆည်းပြီးမှသာ
ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာနိုင်ကြောင်း ဆန်ကုန်သည် ဦးကျော်မြင့်
ပြောဆိုသည်။
No comments:
Post a Comment