Sunday, June 5, 2016

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဘေးရှောင် စခန်းများ ဆက်လက် ရှိနေဆဲဖြစ်ပြီး ဒုက္ခသည် ၃၀၀၀ ခန့် ခိုလှုံနေရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ရှိ စစ်ဘေးရှောင် စခန်းများတွင် ဒုက္ခသည် ၃၀၀၀ ခန့် ဆက်လက် ကျန်ရှိနေဆဲဖြစ်ကြောင်း ဇွန် ၄ ရက်က သက်ဆိုင်ရာ မြို့နယ်များမှ သိရသည်။

ကျောက်မဲမြို့၊ ဟိုက်ကွီးကျေးရွာအုပ်စု၊ ပန်ကျန်ရွာတွင် စစ်ရှောင်စခန်း တစ်ခုရှိပြီး လူဦးရေ ၁၅၀ ခန့် ခိုလှုံနေကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးကာ မြေနေရာပေးပြီး ရွာသစ်တည်ရန် စီစဉ်ထားကြောင်း၊ လောလောဆယ်တွင် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြရကြောင်း SNLD ပါတီ ကျောက်မဲမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က ပြောကြားသည်။

“ဒီဘက်မှာ စစ်ပွဲတွေကြောင့် မနေရဲတော့ဘဲ တရုတ်ပြည်ဘက်ကို ထွက်ပြေးသွားတဲ့ သူတွေလည်း ရှိတယ်။ ကျောက်မဲမှာ လာပုန်းအောင်းကြတာ အများဆုံးပဲ။ တောထဲရောက်တဲ့ သူတွေလည်း ရှိချင်ရှိမယ်။ ပန်ကျန်ဆိုတဲ့ ရွာမှာ ရွာပြောင်းဖို့ ပြောထားတယ်။ ရွာထဲမှာ အလောင်းတွေရောဆိုတော့ မနေချင်တော့ဘူး။ မနေရဲတော့ဘူး။ အလုပ်အကိုင်တွေ ပျက်ကုန်တယ်။ လက်ဖက် စက်ရုံကလည်း အခွန်အတုပ်တွေ ကြောက်ပြီး မဖွင့်တော့ဘူး။ မိုးကုတ်သွားတာ အနည်းအကျဉ်းပေါ့။ ရေကြည်ရာ မြက်နုရာသွားပြီး အလုပ်လုပ်ကြတာ။ ကျောက်မဲမှာ အလုပ်သမားတွေ ပေါနေတယ်။ အိမ်ထောင်စု ၅၀၀ လောက် ရွှေ့ပြောင်းတဲ့ သဘောပေါ့။ သုံးပုံ တစ်ပုံလောက် ကျန်ခဲ့တယ်။ နှစ်ပုံလောက်က ထွက်ပြေးနေရတယ်။ တော့ဆန်မှာလည်း အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့ သဘောတွေ။ အခြားမြို့သွားတာလည်း ရှိသေးတယ်။ လူတွေ သွားလိုက် လာလိုက် လူတစ်သောင်းကျော် လောက်ပေါ့။ စစ်ရှောင်စခန်းကို ရောက်တာက ၈၀၀၀ ၀န်းကျင်လောက် ရှိမှာပေါ့။ နိုင်ငံခြား ရောက်ကုန်တာတွေလည်း ရှိသေးတယ်” ဟု SNLD ပါတီ ကျောက်မဲမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က ပြောကြားသည်။

သီပေါမြို့၌ မြို့ဟောင်းတွင် လူ ၂၂၀၊ ဘိုးတော်ကျောင်းတွင် လူ ၂၅၆ ဦးသာ ကျန်ရှိတော့ပြီး ငြိမ်သက်သွားပြီ ဖြစ်သဖြင့် ပြန်ကုန်ကြပြီ ဖြစ်ကြောင်း သိရသည်။ သီပေါမြို့တွင် ကျေးရွာအုပ်စုပေါင်း ၆၇ စုရှိကာ လူဦးရေ တစ်သိန်းကျော် နေထိုင်ခြင်း ဖြစ်သည်။

နမ့်ခမ်းမြို့တွင် စစ်ရှောင်စခန်း ငါးခုရှိပြီး မိုင်းဝီးစခန်း၊ သာယာကုန်း၊ ပန်လုံ Camp၊ အောင်မေတ္တာတွင် စိန်သောမတ်၊ ဂျော်ဝမ်း၊ ဂျော်တူး စသော စခန်းများတွင် လူဦးရေ ၂၀၀၀ ကျော် ခိုလှုံနေကြောင်း သိရသည်။

“စားဖို့ သောက်ဖို့ လိုမယ်။ ဆေးဝါးတွေ လိုအပ်မယ်။ ဖျားနာတာ၊ ၀မ်းမကောင်းတာတွေတော့ ရှိတယ်။ အ၀တ်အထည် ဆိုရင်တော့ ကလေးတွေ ကျောင်းတက်ဖို့ ကျောင်းဝတ်စုံတွေ လိုနေတယ်။ လိုတာတွေကတော့ အများကြီးပါပဲ။ အမိုးအကာအောက် ရောက်ရှိဖို့လည်း လိုတယ်။ ကျန်းမာရေး စောင့်ရှောက်ဖို့လည်း လိုတယ်” ဟု နမ့်ခမ်းမြို့ တအာင်း (ပလောင်) အမျိုးသားပါတီမှ ဦးအောင်ဝင်းက ပြောကြားသည်။

No comments: