အင်းလေးကန်တွင်း ခရမ်းသီး စိုက်ခင်းများကို ဇွန် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - စည်သာ)
ရှမ်းပြည်နယ်တောင်ပိုင်း
အင်းလေးကန်တွင်း အများဆုံး စိုက်ပျိုးကြသော ခရမ်းချဉ်သီး ဈေးနှုန်းသည်
ယခုနှစ်တွင် ဈေးမြင့် တက်လာသော်လည်း စိုက်ပျိုးမှု ကုန်ကျစရိတ်များခြင်း၊
ရင်းနှီးမှု စရိတ်မြင့်တက်ခြင်း၊ အယ်လ်နီညို ရာသီဥတု ပူပြင်း
ခြောက်သွေ့ခြင်းကြောင့် အပင်သက်တမ်း တိုခြင်းနှင့် ထွက်နှုန်း
လျော့နည်းခြင်းတို့ကြောင့် တွက်ခြေ မကိုက်ကြဘဲ တချို့ရှုံးသူများပင်
ရှိနေကြောင်း အင်းလေးကျွန်းမျောစိုက် တောင်သူများထံမှ ဇွန် ၄ ရက်တွင်
သိရသည်။
ဒီနှစ်က ခရမ်းချဉ်သီး ဈေးကောင်းတယ် ပြောပေမယ့် မျိုးစေ့တွေ၊ ဖျန်းဆေးတွေနဲ့ အလုပ်သမားခတွေကလည်း လိုက်တက်လာတယ်လေ။ အလုပ်သမားခ တစ်ရက်ကို ကျပ် ၆၀၀၀ ပေးငှားရတယ်။ ရင်းနှီးမှု ကုန်ကျစရိတ်ကလည်း မြင့်တက်လာတယ်။ ရာသီဥတုကလည်း ပူတော့ အပင်တွေ ခြောက်ပြီးတော့ သက်တမ်းတိုကုန်တယ်။ ပုံမှန်အနည်းဆုံးတော့ ငါးကြိမ်လောက်တော့ အသာလေး ဆွတ်လို့ရနေတာ ခုတော့ သုံးကြိမ်လောက်ပဲ ရတော့တယ်။ သက်တမ်း တိုသွားတယ်ပေါ့။ ရာသီဥတုက ပူတော့ ရေခန်းတယ်။ ရေခန်းတော့ အောက်ခြေမှာ အပင်တွေက အမြစ်စွဲနေပြီ။ မိုးရွာပြီး ရေတွေ ရုတ်တရက် ဆောင့်တက်လာပြန်တော့ အပင်တွေ ရေမြုပ်ပြီးတော့ သေကုန်ပြန်ရော။ ဒါကြောင့်မို့ အပင်အောက်ခြေမှာ ၀ါးနဲ့ ထိုးဆွပြီးတော့ ကော်ပုံး အ၀ါတွေနဲ့ ကျွန်းမျောတွေမှာ လိုက်ချည်ပေးရတယ်။ ရေပေါ်ပြန် တက်လာအောင်ပေါ့။ ဒီနှစ်က ဈေးနှုန်းသာ ကောင်းတယ်။ အမြတ် နည်းသွားတာပေါ့။ တချို့ရှုံးတဲ့သူတွေ ရှိတယ်” ဟု ကေလာရွာမှ ကိုတရုတ်ကြီးက ပြောကြားသည်။ ကေလာရွာရှိ သူစိုက်ပျိုးထားသော ကျွန်းမျော တစ်ဧကခွဲ စိုက်ခင်းသည် ကုန်ကျစရိတ် သိန်း ၆၀ ကျော်ပြီဖြစ်ကာ ယခုချိန်ထိ သိန်း ၃၀ ခန့်သာ ပြန်ရရှိသေးကြောင်း၊ အချို့အပင်များမှာ အရင်းမကျေသေးခင် ပျက်စီး သေကျေကုန်ပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တစ်ဧကခွဲကို တစ်ကြိမ်ဆွတ်လျှင် တင်း ၃၀ သာ ရခဲ့ကြောင်း၊ ပုံမှန်ဆိုလျှင် တစ်ဧကခွဲ တင်း ၁၀၀ ကျော် ရသင့်ကြောင်း၊ အယ်လ်နီညို ရာသီဥတု ပူပြင်းသဖြင့် ပွင့်ခိုင်များ ပျက်စီးသဖြင့် ထွက်နှုန်းလည်း လျော့ကျခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ဟိုးအရင်နှစ်တုန်းက တစ်ခါစိုက်ရင် ဆယ်ကြိမ်၊ ၁၃ ကြိမ်လောက် ဆွတ်ရတာ။ ခုတော့ အများဆုံး ငါးကြိမ်၊ ခြောက်ကြိမ် လောက်ပဲ ခူးရတယ်။ ရာသီဥတု ဒဏ်ကြောင့်ပေါ့။ ရေကလည်း တိမ်လာတော့ အပင်တွေ သိပ်မခံကြဘူးပေါ့။ မိုးလာမှပဲ ရေအဆင်ပြေမယ်။ အခု ကိုယ်တိုင် လုပ်တာတောင် တစ်ဧက ၂၅ သိန်းလောက်တော့ ကုန်သွားပြီ။ ခုထိ မခူးရသေးဘူး။ အစိုးရ အနေနဲ့ မျိုးစေ့၊ ဆေးဝါးတွေ ဈေးနှုန်းသက်သက်သာသာ ဆောင်ရွက်ပေးဖို့ အမြန်ဆုံး ကူညီဆောင်ရွက် ပေးဖို့ တင်ပြလိုပါတယ်” ဟု ကေလာရွာမှ ဦးမြင့်ဆွေက ပြောကြားသည်။

Writer:
စည်သာ (တောင်ကြီး)
No comments:
Post a Comment