တောင်ဒဂုံ ရပ်ကွက် ၁၄၀ ၏ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ဓားဖြင့် ၀ိုင်းခုတ်ခဲ့သည့် အခင်းဖြစ်နေရာကို မေ ၃၀ ရက်က တွေ့ရစဉ်
ပြီးခဲ့သည့်
မေလအတွင်းက တစ်နိုင်ငံလုံးတွင် လူသတ်မှု ၁၂၆ မှုနှင့် မုဒိမ်းမှု ၉၂ မှု
ဖြစ်ပွားခဲ့ပြီး ယခုနှစ်စမှစ၍ လူသတ်မှုနှင့် မုဒိမ်းမှု ဖြစ်ပွားမှုနှုန်းမှာ
လအလိုက် မြင့်တက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရရှိသည့်
အချက်အလက်များ နှိုင်းယှဉ်ချက်အရ သိရသည်။
ယခုနှစ် ဇန်န၀ါရီမှ မေလအထိ ငါးလအတွင်း တစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုများ ၅၃၄ မှုအထိ ရှိပြီး မုဒိမ်းမှုများမှာ ၃၆၅ မှုအထိ ရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အတွင်းက တစ်နိုင်ငံလုံးတွင် လူသတ်မှု ၁၂၆၄ မှုနှင့် မုဒိမ်းမှု ၆၈၂ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။
၂၀၁၆ ခုနှစ် နှစ်စဖြစ်သည့် ဇန်န၀ါရီလ အတွင်း၌ တစ်နိုင်ငံလုံးတွင် လူသတ်မှု ၈၇ မှု၊ မုဒိမ်းမှု ၄၈ မှု ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ လအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှု ၈၆ မှု၊ မုဒိမ်းမှု ၆၅ မှု၊ မတ်လအတွင်း၌ လူသတ်မှု ၁၀၉ မှုနှင့် မုဒိမ်းမှု ၆၈ မှုဖြစ်ပွားခဲ့ပြီး ဧပြီလ အတွင်း လူသတ်မှု ၁၂၃ မှု ဖြစ်ပွားပြီး မုဒိမ်းမှု ၉၂ မှု ဖြစ်ပွားခဲ့သည်။
ထို့ပြင် လူနေထူထပ်သည့် ရန်ကုန်တိုင်း ဒေသကြီးတွင် ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှု ၂၃ မှု ရှိပြီး မုဒိမ်းမှု ၂၅ မှု ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရပြီး ယခင်လဖြစ်သည့် ဧပြီလက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် မုဒိမ်းမှုများထက် ပိုများခဲ့သည်။
ပြီးခဲ့သည့် မေ ၂၉ ရက် ညပိုင်းက တောင်ဒဂုံမြို့နယ် ရပ်ကွက် ၁၄၀ အုပ်ချူပ်ရေးမှူးကို လူတစ်စုက ဓားဖြင့်ဝိုင်းဝန်း ခုတ်သတ်မှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်မှာ တရားဥပဒေ စိုးမိုးမှု အားနည်းသည့် အချက်ကို ဖော်ပြနေကြောင်း လသာမြို့တွင် နေထိုင်သည့် ပြည်သူတစ်ဦး ဖြစ်သူ ဦးအောင်ရဲကျော်က မှတ်ချက်ပြုသည်။
၎င်းက “လူသတ်မှုတွေ၊ မုဒိမ်းမှုတွေ ပိုတိုးလာတာက တရားဥပဒေ စိုးမိုးမှု အားနည်းမှုကြောင့်လို့ ပြောရင်ရတယ်။ ဟိုနေ့က တောင်ဒဂုံမှာ ဖြစ်သွားတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ၀ိုင်းခုတ်သတ်တဲ့ အမှုဆို တရားဥပဒေ စိုးမိုးမှု အားနည်းနေတယ် ဆိုတာကို သက်သေပြတာပဲ။ ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ယောက်ကိုတောင် ဒီလိုလူမြင်ကွင်းမှာ ခုတ်သတ်တယ်ဆိုတော့ တရားဥပဒေ စိုးမိုးမှုဆိုတာကို သေသေချာချာ ပြန်ဆန်းစစ်ရမယ့် သဘောရှိတယ်။ ခုတလော ရန်ကုန်မှာတင် လူသတ်ပြီး အလောင်းလာပစ်တဲ့ ဖြစ်စဉ်တွေက များလာနေပြီ” ဟု မှတ်ချက်ပြုသည်။
ထိုသို့ တစ်နိုင်ငံလုံးတွင် လူသတ်မှု၊ မုဒိမ်းမှု များပြားလာရသည့် အကြောင်းရင်းများမှာ လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာမှု၊ အရက်သေစာ သောက်စားမှု များပြားလာမှု အပါအ၀င် ရဲတပ်ဖွဲ့ဝင် အင်အားနှင့် ပြည်သူ အချိုးအစား မညီမှုများကြောင့် ထိထိရောက်ရောက် ဟန့်တားနိုင်မှု အားနည်းသည့် အချက်များကြောင့်လည်း ပါဝင်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အဆင့်မြင့် ရဲအရာရှိ တစ်ဦးက သုံးသပ်သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် လူသတ်မှုတို့ မုဒိမ်းမှုတို့ များလာရတာက မူးယစ်ဆေးဝါး သုံးစွဲမှု၊ အရက်သေစာ သောက်စားမှုဓလေ့က လူငယ်တွေ အကြားမှာ များလာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တို့ရဲတပ်ဖွဲ့ဝင် အင်အားအချိုးနဲ့ ပြည်သူအင်အား အချိုးက မညီမျှတာတွေကြောင့် ချောင်ကြိုချောင်ကြား နေရာတချို့ကို ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ကွက်ပြည့် မနင်းနိုင်သေးဘူး။ လူတွေရဲ့ စာရိတ္တ အပိုင်းကလည်း ယိုယွင်းလာတာလည်း ပါတယ်” ဟု မှတ်ချက်ပြုသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြီးခဲ့သည့် လပိုင်းက ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များအနက် လူသတ်မှုအချို့၊ အလောင်းစွန့်ပစ်ခဲ့သည့် အမှုအချို့ အပါအ၀င် လုယက်မှု အချို့တို့မှ ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းလည်း စုံစမ်းသိရသည်။ အဆိုပါ ဖော်ထုတ်ရမိခြင်း မရှိသေးသည့် အမှုဖြစ်စဉ်များအနက် အချို့မှုခင်း ဖြစ်စဉ်များမှာ မေ ၂ ရက်က ဖြစ်ပွားခဲ့သည့် တောင်ဒဂုံမြို့နယ် (၂၆) ရပ်ကွက်၊ အမှတ် (၂) လမ်းမကြီးဘေး ဂြိုဟ်တုဆက်သွယ်ရေး ၀င်းအတွင်း လမ်းမနံဘေး၌ ပြင်ပဒဏ်ရာ မရှိဘဲ သတိလစ်နေသည့် အမျိုးသားတစ်ဦးကို လူအုပ်စု တစ်စုက ယာဉ်တစ်စီးဖြင့် လာရောက် စွန့်ပစ်မှု ဖြစ်ပွားခဲ့ပြီး ၎င်းအမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ပေးစဉ် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး အမှုကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
ထို့အပြင် ဧပြီလ အတွင်းက ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင် မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ၁၂ နှစ်အရွယ် ကလေးအား ဓားစာခံလုပ်ကာ ကျပ်သိန်း ၅၀ ခန့် တောင်းယူခဲ့သည့် ဖြစ်စဉ်၊ သာကေတမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဦးခေါင်းမပါဘဲ ပြန်လည် တွေ့ရှိခဲ့သည့် ဖြစ်စဉ်များမှ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။
ပြီးခဲ့သည့် လေးနှစ်အတွင်း တစ်နိုင်ငံလုံးတွင် နှစ်အလိုက် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် မုဒိမ်းမှု နှိုင်းယှဉ်ချက်
၂၀၁၆ ခုနှစ် ဇန်န၀ါရီမှ မေလအထိ ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် မုဒိမ်းမှု လအလိုက် အခြေပြဇယား

|

Writer:
ဥာဏ်ဝင်းရှိန်
No comments:
Post a Comment