Saturday, June 25, 2016

ရွှေ့ပြောင်းအလုပ်သမားတွေ အခက်အခဲရှိမယ်ဆိုရင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကို အချိန်မရွေးလာရောက်တိုင်ကြားနိုင် အချက်အလက်တိကျဖို့လိုအပ် ==========================================================

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ အခက်အခဲတွေရှိခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အချိန်မရွေးလာရောက်တင်ပြနိုင်ပြီး အချက်အလက်ခိုင်ခိုင်မာမာတိတိကျကျ ပြောနိုင်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားလိုက်ပါတယ်။ ဇွန်လ(၂၅)ရက် ညနေပိုင်းက ထိုင်းနိုင်ငံက
မြန်မာရွှေ့ပြောင်းလုပ်သားတွေ
အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ
တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။အခက်အခဲတင်ပြချင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေဆက်သွယ်နိုင်ဖို့ ဖုန်းနံပါတ်တွေကိုလည်း
မြန်မာသံရုံးကဆောင်ရွက်ပေးနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့
ဆွေးနွေးနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် သက်သေခံကတ်ပြားတွေ ပျောက်သွားခဲ့လို့ ပြန်လုပ်ခဲ့ရင် အချိန်(၄)လ၀န်းကျင်လောက် ကြာမြင့်တဲ့အတွက် အခက်အခဲတွေ
ဖြစ်နေတဲ့အတွက် (၁)လအတွင်း လုပ်ဆောင်ပေးစေချင်တယ်လို့
မြန်မာရွှေ့ပြောင်း လုပ်သားအရေးဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက တင်ပြခဲ့ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အမြန်ဆုံးလုပ်ဆောင်ပေးမယ်လို့ ပြောကြားခဲ့ပြီး ပျောက်ဆုံးကြောင်း သက်သေအထောက်အထားကတော့ ခိုင်မာဖို့လိုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံအတွင်း
မြန်မာလုပ်သားတွေအတွက် ဘာသာစကားအခက်အခဲဖြစ်နေတဲ့အကြောင်း ကြားသိရတဲ့အတွက် ထိုင်းနိုင်ငံမှာ နှစ်ရှည်နေထိုင်ပြီး ဘာသာစကားနားလည်တဲ့သူတွေကို နားမလည်တဲ့အလုပ်သမားတွေအတွက် အချိန်ပိုင်း ဘာသာပြန်လုပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ သံရုံးအနေနဲ့ကလည်း ဘာသာပြန်တွေထားရှိနိုင်ဖို့ တာဝန်ယူလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဖွဲ့အစည်းတွေက
မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အထောက်အထား ထုတ်ပေးရေးကိစ္စ၊ ပညာရေး၊ ကျန်းမာရေး၊ အကျဉ်းကျခံမြန်မာလုပ်သား
တွေကိုကူညီစောင့်ရှောက်ပေးရေး ကိစ္စတွေအပါအ၀င် အခြားအခက်အခဲတွေကို တင်ပြခဲ့ပြီး ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က သံရုံးကတစ်ဆင့် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Sai Tun Shwe Sunundar FB

No comments: