ပတ်ဝန်းကျင်ညစ်ညမ်းမှုလည်း သက်သာ ကျန်းမာရေးဆိုးကျိုးလည်း မခံစားရလေအောင်
နိုင်ငံတော်အစိုးရမှ ကွမ်းစားသုံးမှု ကျဆင်းပပျောက်ရေးအတွက်
စည်းကမ်းချက်များ နည်းဥပဒေများ ထုတ်ပြန်ခဲ့ခြင်းမှာ မှားသည်ဆိုလျှင်လည်း
နိုင်ငံတော်၏ စေတနာအမှားပင်ဖြစ်သည်ဟု ဆိုချင်သည်။
မှန်ပါသည်
ကွမ်းစားခြင်းဓလေ့သည် အိန္ဒိယနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့
ရောက်ရှိလာရာမှ မြန်မာနိုင်ငံတွင် ပုဂံခေတ် မှစတင်၍
ဘုရင်မှအစကွမ်းစားသုံးခဲ့ကြောင်း တွေ့ရသည်။ ရှေးအခါကပင်ဖြစ်သည်။ ကျေးလက်
ဒေသနှင့် မြို့ကြီးများအထိ ဧည့်သည်လာလျှင် ကွမ်းအစ်ချ၍
ဧည့်ခံသည့်ဓလေ့ရှိသည်။ ထိုခေတ် ထိုကာလ များ၌ ဓလေ့အရ ကွမ်းဖြင့်
ဧည့်ခံကွမ်းစားကြခြင်းမှာ မှန်သော်လည်း ထိုစဉ်က စားသုံးမှုလူ ဦးရေနည်းပါး
သေးသည်။
စားသုံးသူများကလည်း ကွမ်းတံထွေးကို စည်းကမ်းရှိစွာဖြင့်
ထွေးခံထဲသို့ ထွေးနေကြခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းစေမှု မရှိခဲ့ကြပါ။
ထိုအချိန်က ကွမ်းစားသုံးသူများမှာ သဘာဝအလျောက်ထွက်ရှိ လာသော ကွမ်းရွက်၊
ကွမ်းသီး၊ ထုံး၊ ရှားစေး၊ ဆေးရွက်ကြီးများကိုသာ သုံးစွဲသဖြင့်
မည်သည့်ရောဂါမှ ကြုံတွေ့ မှုမရှိခဲ့သလို မည်သည့်ရောဂါမှလည်း မရခဲ့ကြပါ။
သို့သော် ယခုအခါ ဘတ်စ်ကား စပယ်ယာ၊ ဒရိုင်ဘာများ၊ တက္ကစီ ဒရိုင်ဘာများ
လမ်းမပေါ်ကွမ်းတံတွေး ထွေးကြခြင်းမှာ အလွန်ဆိုးရွားပါသည်။
ကွမ်းစားသုံးလူဦးရေမှာ နှစ်စဉ်တိုးပွားလာပြီး ကွမ်းယာရောင်းသူများမှာလည်း
မြေလွတ်သည့်နေရာတိုင်း ဆိုင်ခုံခင်းရောင်းချ နေကြသလို လမ်းစည်းကမ်းလည်း
မလိုက်နာ၊ ယာဉ်အန္တရာယ်လည်းမကြောက် ကားလမ်းမနှင့် မီးပွိုင့်များ တွင်ပါ
အတင့်ရဲစွာရောင်းချနေကြပြီး စားသုံးသူများကလည်း ကြုံသလိုဝယ်စား
ကြုံသလိုထွေးချနေမှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းစေမှုများလည်း ဖြစ်ပေါ်စေခဲ့၏။
ယခင် ရှေးလူကြီးများ ကွမ်းစားခြင်းနှင့် ယခုကွမ်းစားသုံးသူများ
ကွမ်းစားခြင်းမှာ မတူပါ။ ကောင်းကျိုးထက် ဆိုးကျိုး ရနေကြခြင်းမှာ
အိန္ဒိယနိုင်ငံမှ တရားမ၀င်ခိုးသွင်းနေသော ကွမ်းစားဆေးမျိုးစုံနှင့်
အလားတူပုံစံတူ ဆေးတုမျိုးစုံ စားသုံးနေကြခြင်းနှင့်အတူ
ဓာတုဆေးမျိုးစုံသုံးထားသော ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီးပေါင်းများ၊
ပိုးသတ်ဆေးများစွာသုံးထားသော ကွမ်းရွက်များကြောင့်
ကွမ်းစားသုံးသူအများစုမှာ လျှာနှင့် ပါးစောင်တို့တွင်
ပွန်းပဲ့ပေါက်ပြုဒဏ်ရာများဖြစ်ပွားခြင်း ထိုမှတဆင့် လျှာကင်ဆာ၊
ခံတွင်းကင်ဆာ၊ အစာရေမျိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊
သွားဖုံးရောင်ရောဂါအစရှိသည့် ရောဂါမျိုးစုံကိုလည်း ကြုံတွေ့ခံစားနေရတော့၏။
ထိုဆေးဝါးများအနက် ကွမ်းစားသုံးသူများ မပါမဖြစ်
ကြိုက်နှစ်သက်စွာသုံးစွဲနေသော (92) ဆေးနှင့် SIGNAL (530) ဘူးခွံများအတွင်း
ဆေးဝါးအတုပြုလုပ်သူများက ကွမ်းယာဆိုင်များတွင် ဘူးခွံများကို ရသလောက်
ပြန်ဝယ်ခိုင်းပြီး ထိုဘူးခွံများတွင် အတုပြန်ထည့်ကြသည်။ တဆင့် ၀ယ်ယူသူများက
(92) ဆေးဘူးခွံအား ၅ ကျပ်နှင့်ဝယ်၍ ဆေးအတုလုပ်သော ဒိုင်တွင် ပြန်သွင်းပါက
၅၀ ကျပ်ရကြောင်း SIGNAL (530) ဘူးခွံကို ၅ ကျပ်နှင့် လိုက်ဝယ်၍
ပြန်သွင်းပါက ၂၀ ကျပ်ရကြောင်း သုံးပြီးဘူးခွံများ၌ ဆေးတုထည့်ကာ ဖောက်ထားသော
အပေါက်ကို နဂိုမူလဘူးအတိုင်းဖြစ်အောင် ပြန်ပိတ်ပြီး ညစ်ပေနေသော
အစွန်းအထင်းများကို အုန်းဆီနှင့် ပြောင်အောင် ပြန်တိုက်ရကြောင်း၊
ဒိုင်မှလက်ခံရယူပြီး ဒိုင်များက ထိုဘူးများထဲသို့ ဆေးတုများထည့်ကာ
ပါကင်ပြန်ပိတ်ပြီး အိန္ဒိယမှ ၀င်လာသည့် ဆေးဘူးပုံစံမျိုး
ဖြန့်ချိရောင်းချနေရကြောင်း ဘူးခွံဝယ်သူများထံမှ စုံစမ်းသိရှိရပါသည်။
ထိုဘူးထဲမှ ဆေးတုများကို စားသုံးနေသောကြောင့်လည်း
ရောဂါမျိုးစုံရရှိနေကြခြင်းပင် ဖြစ်ပေတော့၏။
ထို့ကြောင့်
နိုင်ငံတော်အစိုးရနှင့်သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများ
ကွမ်းစားသုံးမှုအရေး ထက်၊ ကွမ်းစားသုံးသူများ ဆိုးကျိုးဖြစ်စေသည့်
ဘူးခွံဟောင်းများတွင် ဆေးတုထည့်၍ စီးပွားရှာနေသူများကို
ဖော်ထုတ်အရေးယူသင့်ပြီဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ရွှေကသစ်(စမ်းချောင်း)
No comments:
Post a Comment