Tuesday, June 21, 2016

‪‎မြစ်ကြီးနားမြို့တွင် လူငယ်တစ်ဦး သေနတ်နှင့်အပစ်ခံရ‬




မြစ်ကြီးနား၊ ဇွန် ၂၀

မြစ်ကြီးနားမြို့ သီတာရပ်ကွက်တွင် ဖြစ်ပွါးခဲ့သည့် ပစ်ခတ်မှုမှ သေနတ်သမားမှာ အမှတ်(၇၂၇) ထော က်ပံ့နှင့်ပို့ဆောင်ရေး တပ်မှ တပ်မတော်သားတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသတင်း ရရှိသည်။
၎င်းမှာ ကိုယ်ပိုင်အမှတ် တ/ ၅၁၁၅၆၈၊ တပ်သားမောင်မောင် ဆိုသူဖြစ်ကြောင်းသိရပြီး ဗလမင်းထင်တံ တားတွင်လုံခြုံရေး တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းလည်းသိရသည်။

ထိုညက ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် ကင်းစခန်းသို့ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ ဆိုင်ကယ်တစ်စီးနှင့် ရောက်ရှိလာပြီး ၎င်းတို့အား လူ ၈ ဦးက လိုက်လံနှောင့်ယှက်နေ၍ မြို့ထဲသို့လိုက်ပို့ပေးရန် အကူအညီတောင်းကြောင်း၊ အထက်အရာရှိ ဗိုလ်ကြီးကျော်သက်၏ တာဝန်ပေးအပ်ချက်အရ ကိုယ်ပိုင်အမှတ် တ/၂၉၂၃၁၁ ဒုတပ်ကြပ် နန်ဟီးခင်တန်နှင့်အတူလိုက်ပို့ပေးခဲ့ကြောင်း၊ အခင်းဖြစ်လမ်းဆုံအရောက်တွင် အမျိုး သမီး နှစ်ဦး၏ဆိုင်ကယ်ဆီကုန်၍ ရပ်နေစဉ် လူငယ် ၈ ယောက်ခန့်က စစ်သည်နှစ်ဦးအား ၀ိုင်းဝန်းထိုးကြိတ်ကာ တပ်သားမောင်မောင်လွယ်ထားသော သေနတ်ကိုလုယူခဲ့ကြရာမှဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူတွင် ၀ဲဘက် ညှပ်ရိုးဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်းရဲတပ်ဖွဲ့မှသိရသည်။

သေဆုံးသူမှာ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှ ဦးဒေးဝါနှင့် ဒေါ်လထော်နန်အင်တို့၏သား မောင် ဂွမ်ဆိုင်းအောင်၊ အသက် ၁၉ နှစ် ဖြစ်ကြောင်းသိရသည်။

အခင်းဖြစ်ပြီးနောက် စစ်သား၂ယောက်သည် ကိုက် ၁၀၀ ခန့်အကွာရှိ သီတာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့လာရောက် ပြောပြခဲ့၍ ရဲစခန်းသို့ သွားရောက်ပို့အပ်ခဲ့ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးက ပြောသည်။

" ည ၉ နာရီခွဲဝန်းကျင်လောက်မှာ သေနတ်သံကြားလို့ ရုံးရှေ့ကိုထွက်ကြည့်လိုက်တယ်။ ထွက်လည်း ကြည့်လိုက်ရော ခနအကြာမှာ သေနတ်တစ်လက်နဲ့ တပ်မတော်ကစစ်သားနှစ်ယောက် ရောက်လာတယ်။ ဗလ မင်းထင်ကနေသူတို့လိုက်ပို့တာတဲ့၊ စီတာပူတံတားကျော်တော့ ဆီပြတ်မလိုဖြစ်နေတဲ့အချိန်မှာ လူငယ်တွေက သူတို့ကိုကျော်သွားပြီး အခုဖြစ်တဲ့နေရာကနေ သွားစောင့်နေတာတဲ့၊ သူတို့ကိုဝင်လုံးရာကနေ ပစ်မိတဲ့ပုံစံပဲ… အဲဒီရဲဘော်တွေပြောတဲ့သဘောက…"ဟု ဦးဝင်းဇော်ဦးက ပြောသည်။
တပ်မတော်သားနှစ်ဦးလိုက်ပို့သူ လေးဦးမှာ နန်းလေးဝါ၊ မနွေးနွေး၊ မောင်ဝင်းမျိုးသန့်၊ မောင်စီဆာယဲ့ တို့ဖြစ်ကြောင်းလည်း ဦးဝင်းဇော်ဦးထံမှသိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇွန် ၂၀ ရက်ည ၁၀ နာရီခန့်က သခင်နက်ဖေလမ်းနှင့် သီတာလမ်းသွယ် ၄ (ကညန လမ်း)ထောင့်၊ အန်တီထွေးကွမ်းယာဆိုင်၏ လမ်းတစ်ဘက်ခြမ်းတွင်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

(Salai)
Myitkyina News Journal

No comments: