21, June, 2016 By MaNawMyae
မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ထံသို့ ၂၀၁၆ ဇွန် ၂၀ရက်နေ့ ည ၉ နာရီချိန်ခန့်တွင် ဆိုင်ကယ်ဖြင့် အမျိုးသား ၂ဦး၊ အမျိုးသမီး ၂ဦး ရောက်ရှိလာပြီး ၎င်းတို့အား လူ ၈ဦးခန့်မှ လိုက်နှောက်ယှက်နေသဖြင့် ကူညီပေးပါရန် အကူ အညီတောင်းခံမှုကြောင့် လုံခြုံရေးဆောင်ရွက်နေသည့် စစ်သည် ၂ဦးမှ လိုက်ပါ ပို့ဆောင်ပေးခဲ့ ပါသည်။
လိုက်ပါပို့ဆောင်စဉ် သီတာရပ်ကွက်၊ သခင်နက်ဖေလမ်းနှင့် သီတာလမ်းသွယ်(၄)ထောင့် အရောက်တွင် အကူအညီလာတောင်းသည့်သူများ စီးနင်းလာသည့် ဆိုင်ကယ်မှာ ဆီကုန်သွား သဖြင့် ဆီထည့်ရန်ရပ်နေစဉ် အမည်မသိ လူငယ် (၈)ဦးခန့်မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး လိုက်ပို့သည့် စစ်သည် ၂ဦးအား ဝိုင်းဝန်းထိုးကြိတ်ကာ သေနတ်အား လုယူရန်ကြိုးစားရာမှ ကျည် ပေါက်ထွက်ပြီး လူငယ်တစ်ဦး သေနတ်မှန်ကာ ကျန်လူငယ်များမှာ ထွက်ပြေးသွားကြောင်း သိရှိရ ပါသည်။
မြစ်ကြီးနားမြို့ပေါ်ရှိ လူပြတ်သည့်နေရာများတွင် ခရီးသွားပြည်သူများအား အုပ်စုဖွဲ့ကာ ရိုက်နှက်လုယက်မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး ယခုဖြစ်စဉ်တွင် ပြည်သူလူထု လုံခြုံရေး အတွက် လိုက်ပါစောင့်ရှောက်ပေးသည့် စစ်သည်များကိုပင် အတင့်ရဲစွာဖြင့် လက်နက်လုယူရန် ကြိုးစားသဖြင့် ကျည်ပေါက်ထွက်ကာ အုပ်စုဖွဲ့ရမ်းကားသည့်အဖွဲ့မှ လူငယ်တစ်ဦး သေဆုံးရခြင်း ဖြစ်ပါသည်။ မြစ်ကြီးနားမြို့ပေါ်တွင် မကြာခဏ ဖြစ်ပွားလျက်ရှိသည့် အုပ်စုဖွဲ့ရမ်းကားမှုများ လျော့နည်း ကျဆင်းစေရေးအတွက် ထွက်ပြေးလွတ်မြောက်သွားသည့် ကျန်ရမ်းကားသူ လူငယ် များအားလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အုပ်စုဖွဲ့ ရမ်းကားသူများအနေဖြင့် ယခုလိုယူနီဖောင်းဖြင့် သေနတ်လွယ်ကာ လုံခြုံရေးကူညီ ဆောင်ရွက်ပေးနေသည့် စစ်သည်အား ဝင်ရောက်တိုက်ခိုက်ရဲခြင်းမှာ မူးယစ်ဆေးဝါးသုံးစွဲထားပြီး စိတ်ကစဥ့်ကလျားဖြစ်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများမှ သုံးသပ်လျက်ရှိပါသည်။
No comments:
Post a Comment