မန္တလေးတိုင်းအတွင်း မုဒိမ်းမှုများအနက် သက်ငယ်မုဒိမ်းမှု အများဆုံးဖြစ်
------------------------------------
မန္တလေး၊ ဇွန် ၅
အရွယ်မတိုင်မီ အဓမ္မပြုကျင့်ခံရမှုများကြောင့် အသက်သေဆုံးရသည့် ဖြစ်စဉ်များရှိနေရာ မန္တလေးခရိုင်အတွင်း၌ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ မေလကုန်ပိုင်းအထိ မုဒိမ်းမှု ၁၆ မှု ဖြစ်ပွားခဲ့သည့်အနက် အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်းမှု ၁၃ မှုထိ ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“အရင်တုန်းက သက်ငယ်မုဒိမ်းမှုဆိုတာ အသက် ၁၄ နှစ်အောက်ပဲ မုဒိမ်းမှုမြောက်တာပေါ့။ ခုနောက်ပိုင်း ဥပဒေက ၁၆ နှစ်အောက်ဆိုရင် မုဒိမ်းမှုမြောက်တယ်လို့ ပြင်လိုက်တော့ သက်ငယ်မုဒိမ်းမှုက မြင့်တက်လာတာလည်း ပါတာပေါ့”ဟု အဆိုပါ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။
မန္တလေးခရိုင်အတွင်း မုဒိမ်းမှုဖြစ်ပွားမှု အများဆုံးမြို့နယ်မှာ မြို့ပြနှင့်ဝေးရာ ကျေးရွာများပါဝင်သည့် ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်များဖြစ်ပြီး အခြားမြို့နယ်များတွင်မူ ဖြစ်ပွားမှုနည်းပါးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
“ကျေးရွာတွေမှာက ကိုယ့်ကလေးတွေကို အိမ်မှာပဲထားပြီး အလုပ်သွားကြတာတို့၊ သွားရလာရတာက လူပြတ်နေရာများတာတို့၊ ဘေးပတ်ဝန်းကျင်ကို အယုံလွန်မိတာတို့၊ အဲလိုမျိုးတွေရှိတော့ မြို့ပေါ်မှာလို လုံခြုံမှုလည်း နည်းတာပေါ့”ဟု ဒုတိယရဲမှူးကြီးက ဆက်လက်ပြောဆိုသည်။
မုဒိမ်းမှုကျူးလွန်သူများအနေနှင့် ကလေးသူငယ်များကို ခြိမ်းခြောက်ကာ ကျူးလွန်သည်များကို အတွေ့ရများသည့်အတွက် ကလေးငယ်များ၏ အကြောက်တရားကို အသုံးချနေကြခြင်းဖြစ်ပြီး ခြိမ်းခြောက်ရန် မလွယ်ကူသည့် အသက်ပြည့်ပြီးသူများကို ကြံစည်ရန် မလွယ်ကူနိုင်သည့်အတွက် သက်ငယ်မုဒိမ်းမှု အဖြစ်များလာခြင်း ဖြစ်နိုင်သည်ဟု ပြည်ကြီးတံခွန်မြို့နယ်ဒေသခံ ဒေါ်မိုးမိုးအေးက သုံးသပ်ပြောကြားသည်။
“ဖြစ်နိုင်ရင်တော့ ဥပဒေကပြဋ္ဌာန်းထားတဲ့ ထောင်ဒဏ်သုံးနှစ်ကို တိုးသင့်တယ်လို့ ထင်ပါတယ်။ သူများနိုင်ငံတွေမှာ သိပ်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပြဋ္ဌာန်းထားကြတာပဲလေ။ ပြစ်ဒဏ်က ပေါ့ပေါ့လျော့လျော့၊ တရားဥပဒေ စိုးမိုးမှုက နည်းနေသေး၊ အဲလိုမျိုးဆက်သွားနေမယ်ဆိုရင်တော့ ကျူးလွန်မယ့်သူက လက်ရဲနေဦးမှာပဲ။ မိလည်း ၃ နှစ်ပေါ့ကွာလို့ ပြောနေမှာပဲလေ။ ပြီးတော့ အရွယ်ရောက်ပြီးသား မိန်းကလေးတွေကလည်း သမီးရည်းစားလောက်တော့ လိုက်လျောနေကြတဲ့ ခေတ်ဆိုတော့ သူတို့ကတော့ မုဒိမ်းမှုအဖြစ် အမှုဖွင့်နေမှာ မဟုတ်ဘူးလေ”ဟု ၎င်းက ထပ်မံဆိုသည်။
မန္တလေးခရိုင်အတွင်း၌ မေလတစ်လအတွင်း အမှုပေါင်း ၁၃၄ မှုဖြစ်ပွားခဲ့သည့်အနက် လူသတ်မှု၊ မုဒိမ်းမှုကဲ့သို့သော အမှုကြီးခြောက်မှု ဖြစ်ပွားခဲ့ပြီး ခိုးဆိုးလုနှိုက်မှုများ လျော့ကျနေကာ ယာဉ်ကြောင့် နာကျင်စေမှု၊ ပိုင်နက်ကျူးကျော်မှု စသည့်အမှုများသာ ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းကပြောကြားသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, June 6, 2016
မန္တလေးတိုင်းအတွင်း မုဒိမ်းမှုများအနက် သက်ငယ်မုဒိမ်းမှု အများဆုံးဖြစ် ------------------------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment