လ/ထ ကထိက ဆရာမကို ချစ်သူ ကျောင်းသားက ဓားဖြင့် ဆင့်ထိုး
-------------------------------------
ရန်ကုန်၊ ဇွန် ၅
စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ ညောင်တုန်းလမ်းတွင် ဇွန်လ ၄ ရက် ညနေ ၅ နာရီက အသက် ၄၂ နှစ်အရွယ် ပခုက္ကူတက္ကသိုလ်မှ လ/ထ ကထိက ဆရာမကို ၎င်း၏ချစ်သူဖြစ်သော အသက် ၁၈ နှစ်အရွယ် နည်းပညာတက္ကသိုလ်မှ ပထမနှစ် ကျောင်းသားက ဓားဖြင့် ဆင့်ထိုးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ ဓားဖြင့်ထိုးသူ ပထမနှစ်ကျောင်းသားမှာ ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒိုတွင် နေထိုင်သူဖြစ်ပြီး ယင်းနေ့က ညောင်တုန်းလမ်းရှိ တိုက်အမှတ် (၄၅) ပထမထပ် တိုက်လှေကားတွင် အရှည် တစ်ပေခန့်ရှိ စတီးဓားဖြင့် လ/ထ ကထိက ဆရာမ၏ ဝမ်းဗိုက်နှင့် ဆီးခုံတို့ကို ဆင့်ထိုးခဲ့ကြောင်း စမ်းချောင်းမြို့နယ် ရဲမှူးဝင်းမြင့်ဦးက ပြောကြားသည်။
“နှစ်ယောက်လျှောက်လည်ရင်း စကားများရာက ညောင်တုန်းလမ်းမှာရှိတဲ့ တိုက်လှေကားထဲမှာ ကောင်လေးက ကထိက ဆရာမကို ဓားနဲ့ထိုးသွားတာလို့ သိရတယ်။ သူတို့နှစ်ယောက်ကို နှစ်ဖက်မိဘတွေကို သဘောတူထား တယ်။ ကောင်လေးကျောင်းမပြီးသေးလို့ မယူခိုင်းသေးတာ။ ပြစ်မှုကျူးလွန်ခဲ့သူ ကျောင်းသားရဲ့ မိဘတွေက သူတို့ကိုယ်တိုင် ရဲစခန်း လာအပ်မယ်လို့ အကြောင်းကြားထားတယ်။”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းဓားထိုးမှုဖြစ်ပွားစဉ် ပထမနှစ်ကျောင်းသားမှာ ကျွန်းတောလမ်းအတိုင်း ဗားကရာလမ်းဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၁ ရပ်ကွက်တွင် နေထိုင်သည့် လ/ထ ကထိက ဆရာမကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ထားရကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“ဓားထိုးခံရသူ ဆရာမက အူဖြတ်ခဲ့ရပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဆရာဝန်ထံက သိရတယ်။ ပြစ်မှုကျူးလွန်သူနဲ့ ဓားထိုးခံရသူတွေက ချစ်သူတွေဆိုတာ စစ်ဆေးသိရပေမယ့် ဘာအကြောင်းကြောင့် စကားများပြီး ဓားနဲ့ထိုးခဲ့တယ်ဆိုတာတော့ မသိရသေးဘူး။”ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ယခုနှစ်အတွင်း လူစည်ကားရာ နေရာများဖြစ်သော တော်ဝင်စင်တာ၊ ဒဂုံစင်တာနှင့် ရန်ကင်းစင်တာတို့တွင် သမီးရည်းစားချင်း အဆင်မပြေဖြစ်ရာမှ အမျိုးသမီးများကို ၎င်းတို့၏ ချစ်သူ အမျိုးသားတို့က ဓား၊ ကတ်ကြေးများဖြင့် အကြမ်းဖက် ရန်ပြုတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မြို့နယ်အနှံ့တွင် အလားတူ ဖြစ်ရပ်များ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
၂ဝ၁၄ ခုနှစ်တွင် မင်္ဂလာဒုံပန်းခြံအတွင်း ချစ်သူအမျိုးသမီးကို ဓားဖြင့် ထိုးသတ်မှုနှင့် ၂ဝ၁၅ ခုနှစ်တွင် ဗဟန်းမြို့နယ် သင်္ကန်းဆိုင်တွင် အသက် ၂ဝ အရွယ် အမျိုးသမီးကို ၎င်း၏ချစ်သူက ဓားဖြင့်ထိုးသတ်မှုတို့မှ ပြစ်မှုကျူးလွန်ခဲ့သော အမျိုးသားတို့ကို ယခုနှစ် မေလတွင် ခရိုင်တရားရုံးများက သေဒဏ်အမိန့်များ ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးများထံမှ စုံစမ်း သိရှိရသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, June 6, 2016
လ/ထ ကထိက ဆရာမကို ချစ်သူ ကျောင်းသားက ဓားဖြင့် ဆင့်ထိုး ----------------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment