တောင်သူမိန်းကလေး တစ်ဦးကို ဆဲမှု၊ လက်ရောက်မှုများ ကျူးလွန်မှုဖြင့် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးအား ပန်းတောင်းမြို့နယ်တရားရုံးက ဒဏ်ငွေ ကျပ် ၁၅၀၀ ပေးဆောင်ရန် အမိန့်ချ
Thursday, June 9, 2016
အမိန့်ချမှတ်မှုကို လာရောက် နားထောင်နေကြသည့် ဒေသခံ တောင်သူလယ်သမားများအား ပန်းတောင်းမြို့နယ်တရားရုံးတွင် ဇွန် ၈ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
တောင်သူမိန်းကလေးတစ်ဦးကို ဆဲမှု ၊ လက်ရောက်မှုများ ကျူးလွန်ခဲ့မှုဖြင့် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးအား ပန်းတောင်းမြို့နယ်တရားရုံးက ဒဏ်ငွေ ကျပ် ၁၅၀၀ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ အမိန့်ချမှတ်မှုကို ဇွန် ၈ ရက် မွန်းလွဲက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ရွှေတောင်မြို့နယ် မင်းတဲကျွန်းအုပ်စုနှင့် ပန်းတောင်းမြို့နယ် သူရဲဇီးကျေးရွာတို့မှ ဧရာဝတီမြစ်အတွင်းရှိ မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွားရာမှ ၂၀၁၄ ခုနှစ် အောက်တိုဘာက သူရဲဇီးကျေးရွာသူတစ်ဦးကို မင်းတဲကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (ယခင်) က ဆဲဆိုခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ကာယကံမိန်းကလေး က တရားစွဲဆိုထားခြင်း ဖြစ်ပြီး ပုဒ်မ ၃၂၅၊ ၂၉၄ တို့ဖြင့် ဒဏ်ငွေများ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မပါးကို ရိုက်ခဲ့တယ်။ ကျွန်မ မကျေနပ်ဘူး။ ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ပါးရိုက်တာ ဒီလောက်ပဲ ပြစ်ဒဏ်ချရလား။ အဲဒါကို မကျေနိုင်ဘူး။ ရွာသူရွာသားတွေကလည်း ဘယ်သူမှ မကျေနပ်ကြဘူး” ဟု အမှုဖွင့် တိုင်ကြားခဲ့သည့် သူရဲ ဇီးကျေးရွာမှ မလှလှဌေးက ပြောကြားသည်။
အဆိုပါ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ အမိန့်ချခဲ့ရသည့် အုပ်ချုပ်ရေးမှူးက ကျေနပ်ခြင်းမရှိဘဲ ခရိုင်တရားသို့ အယူခံ တက်ရောက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဆက်လက်၍ “ကျူးလွန်ခဲ့ခြင်းမရှိဘဲ အမိန့်ချခဲ့တဲ့အတွက် ကျွန်တော် မကျေနပ်ပါဘူး။ ကျွန်းကလည်း ရွှေတောင်မြို့နယ်အပိုင်ပါ။ ပန်းတောင်းမြေစာရင်းရော ရွှေတောင်မြေစာရင်းပါ သိပါတယ်။ ကျွန်တော်က တရားဥပဒေအတိုင်း မျှမျှတတဖြစ်အောင် အချင်းမများရအောင် လုပ်ပေးခဲ့တာပဲ ရှိပါတယ်” ဟု မင်းတဲကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးသွင်က ပြောကြားသည်။
ဖြစ်စဉ်ဖြစ်ပွားစဉ်က ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဖြစ်ပြီး ပန်းတောင်းမြို့နယ် သူရဲဇီးကျေးရွာနှင့် တစ်ဆက်စပ်တည်း တည်ရှိနေသည့် မြေနုကျွန်းပေါ်သို့ မင်းတဲကျွန်း အုပ်အုပ်ချုပ်ရေးမှူးနှင့် လူ ၁၅၀ ခန့် လာရောက်ကာ နယ်နိမိတ်ငုတ်တိုင်များ လာရောက်စိုက်ထူခြင်းကြောင့် ဒေသခံတောင်သူများက တားမြစ်ရာမှ နှစ်ဖက်အချင်းများခဲ့ပြီး မလှလှဌေးမှာ ပါးရိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ တောင်သူများထံ မှ သိရသည်။
Writer:
ဝေလင်း (ပြည်)
Eleven Media Group
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, June 9, 2016
တောင်သူမိန်းကလေး တစ်ဦးကို ဆဲမှု၊ လက်ရောက်မှုများ ကျူးလွန်မှုဖြင့် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးအား ပန်းတောင်းမြို့နယ်တရားရုံးက ဒဏ်ငွေ ကျပ် ၁၅၀၀ ပေးဆောင်ရန် အမိန့်ချ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment