Monday, June 6, 2016

မြန်မာသစ်လုပ်ငန်း ကိုလိုနီဘ၀မှ မလွတ်မြောက်သေးဟု မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ပြော

မြန်မာသစ်လုပ်ငန်း ကိုလိုနီဘ၀မှ မလွတ်မြောက်သေးဟု မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ပြော
------ ------ ------ ------ ------

မြန်မာနိုင်ငံ၏သမိုင်းထဲတွင် အင်္ဂလိပ်-မြန်မာ စစ်ဖြစ်ရခြင်း၊ မြန်မာ နိုင်ငံ ကိုလိုနီဘ၀ကျရောက်ရခြင်းသည် သစ်ကိစ္စနှင့်ပတ်သက်နေပြီး မြန်မာသစ်လုပ်ငန်းသည် လက်ရှိအချိန်ထိ ကိုလိုနီဘ၀မှ လွတ်မြောက်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံသစ်တောထုတ်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ဆိုသည်။

ကိုလိုနီလက်အောက်မှ မြန်မာ့သစ်လုပ်ငန်း မလွတ်မြောက်ရခြင်းမှာ လက်ရှိအချိန်ထိ မြန်မာသစ်လုပ်ငန်း ၉၀ ရာခိုင် နှုန်းကို အခြားနိုင်ငံများမှ လုပ်ကိုင်နေကြောင်းနှင့် မြန်မာတိုင်းရင်းသားများ လုပ်ကိုင်နေကြရသည်မှာ ၁၀ ရာခိုင်နှုန်းပင်မရှိကြောင်း ၎င်းထံမှ သိရသည်။

''အခု ကိုလိုနီဘ၀က လွတ်ပြီလားဆိုရင် နိုင်ငံကတော့ လွတ်သွားပြီ။ သစ်လုပ်ငန်းအနေနဲ့တော့ အခုထိ ကိုလိုနီဘ၀က မလွတ်သေးပါဘူး။ အခုထိ နိုင်ငံခြားသားတွေက သစ်လုပ်ငန်းကို ကြီးစိုး ခြယ်လှယ်ထားကြတာပါ။ လုပ်ငန်းကြီးကြီးမားမားကို လုပ်နေတာ နိုင်ငံခြားသားတွေပဲ။ နောက်နောင် အခုလိုမျိုးမဖြစ်ဖို့ ရည်ရွယ်ပြောတာပါ။ အဓိကတော့ မြန်မာတွေ ဘာအားနည်းနေလဲ သတိထားသင့်ပါ တယ်''ဟုဒေါက်တာစိန်ဝင်းကပြောသည်။

မြန်မာနိုင်ငံ၏ သစ်လုပ်ငန်းသည် ကိုလိုနီဘ၀မှ မလွတ်မြောက်ရခြင်းဟု တင်စားရသည့်အချက်များမှာ တိုင်းရင်း သားလုပ်ငန်းရှင်များနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များ ယှဉ်ပြိုင်သောအခါ၌ မြန်မာနိုင်ငံသားများ နောက်ကျနေခြင်း ဥပမာအားဖြင့် မြန်မာနိုင်ငံသားတို့သည် အရင်းအနှီးအတွက် ဒေါ်လာ တသန်း (သိန်း တသောင်းအား) မည်သည့်ဘဏ်မှ ချေးယူ ၍မရခြင်း၊ သို့သော် နိုင်ငံခြားသားများသည် ၎င်းတို့၏ဘဏ်မှ ဒေါ်လာသန်း ၂၀ (သို့) သန်း ၃၀ ကို အလွယ်တကူချေးယူနိုင်ခြင်း အတိုးနှုန်းသည်လည်း ကွာခြားခြင်း စသည်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏သစ်လုပ်ငန်း၏အခက်အခဲများမှာ အဓိကအားဖြင့် သစ်တောနှင့် စက်ရုံကွာဝေးနေခြင်းဖြစ်ပြီး သစ်တောအနီးအနားတွင် စက်ရုံရှိခြင်းကြောင့် သစ်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်မည်ဖြစ်ကြောင်းနှင့် သစ်များအား လေလံဆွဲသည့်အခါတွင် ဒေါ်လာဖြင့်သာဝယ်ယူ၍ရခြင်းကြောင့် တိုင်းရင်းသား သစ်လုပ်ငန်းရှင်များအနေ ဖြင့် အခက်ခဲရှိကြောင်း မြန်မာသစ်လုပ်ငန်းရှင်များထံမှ သိရသည်။

ကျော်ကျော်


No comments: