Friday, June 10, 2016

အိမ်အကူ မိန်းကလေးကို ဆေးရုံတက် ကုသရသည်အထိ ရိုက်နှက်ခဲ့သည် ဟုဆိုကာ အိမ်ရှင်မိသားစုဝင် လေးဦးအား ပုဒ်မ ၃၀၇ အပါအ၀င် ပုဒ်မသုံးခုဖြင့် အသီးသီး စွဲချက်တင်ကြောင်း

မြောက်ဒဂုံမြို့နယ် တရားရုံးက အမိန့်ချ
Friday, June 10, 2016

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အိမ်အကူ မိန်းကလေးအား ဆေးရုံတက် ကုသရသည်အထိ ရိုက်ခဲ့သည်ဟုဆိုကာ အိမ်ရှင်မိသားစုဝင် လေးဦးကို ဇွန် ၉ ရက်တွင်ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် တရားရုံးက အမှုနှင့် ပတ်သက်၍ စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ အိမ်ရှင်အမျိုးသမီးအား ပုဒ်မ ၃၀၇ ဖြင့် လည်းကောင်း၊ အိမ်ရှင်၏ သမီးဖြစ်သူကို ပုဒ်မ ၃၂၃ ဖြင့်လည်းကောင်း၊ အိမ်ရှင်၏ သားနှင့်သမက်ဖြစ်သူ တို့အား ပုဒ်မ ၃၂၅ ဖြင့် အသီးသီး စွဲချက်တင်ကြောင်း မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

"ပုဒ်မ ၃၀၇ ကတော့ သေစေဖို့ကြံရွယ်တယ်။ ဒါပေမဲ့ မဖြစ်မြောက်ဘူး။ အရမ်းအပြင်းအထန် နာကျင်စေမှုကို ဖြစ်စေခဲ့အတွက်ပါ။ ပုဒ်မ ၃၂၅ ကတော့ တုံးသောလက်နက်နဲ့ အပြင်းအထန် နာကျင်စေမှုပါ။ ပုဒ်မ ၃၂၃ ကတော့ သာမန်နာကျင်စေမှုပါ။ လာမယ့်ရုံးချိန်းတွေမှာတော့ ပြန်ခေါ်သက်သေကို စစ်ဆေးဖို့ ခေါ်ဆိုထားပါတယ်" ဟု အိမ်အကူ မိန်းကလေး၏ ရှေ့နေက ဇွန် ၉ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၅ ခုနှစ်အတွင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၁) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား အိမ်ရှင်မိသားစုဝင်များက တုတ်၊ စတီး ယောင်းမတို့ဖြင့် ဦးခေါင်း၊ ကျော၊ လက်၊ ရင်ဘတ်အစရှိသည့် နေရာများကို ရိုက်နှက်သဖြင့် အိမ်အကူမိန်းကလေးမှာ အဆိုပါ နေအိမ်မှ ထွက်ပြေးကာ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများထံ အကူအညီ တောင်းခံ၍ ဆေးရုံသို့ တက်ရောက်ကုသ ခဲ့ရကြောင်း သိရသည်။

အဆိုပါကိစ္စအား အိမ်အကူမိန်းကလေး ဖြစ်သူနှင့် အုပ်ထိန်းသူများက ပြီးခဲ့သည့် ဇူလိုင်လအတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အိမ်အကူမိန်းကလေး၏ အဒေါ်ဖြစ်သူက တရားလိုပြုလုပ်၍ အိမ်ရှင်မိသားစုဝင် လေးဦးအား ဒဂုံမြောက်မြို့နယ် တရားရုံး၌ တရားစွဲဆို ထားခြင်းဖြစ်ကြောင်း သိရသည်။

Writer: ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်
Eleven Media Group


No comments: