ယခင်အစိုးရလက်ထက် ကျောက်မျက်အသင်း ရန်ပုံငွေ ယူရို သန်း ၈၀ ကျော်ကိစ္စနှင့် ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဟောင်းနှင့် ကျောက်မျက် အသင်းတို့ နှစ်ဖက်အပြန်အလှန် ရှင်းလင်း
၂၀၀၉-၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ် အထိ ကျောက်မျက် ရောင်းရငွေ အနက်မှ တစ်ရာခိုင်နှုန်းကို မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေအဖြစ် ကောက်ခံထားခဲ့သော ယူရို သန်း ၈၀ ကျော်ကိစ္စနှင့် ပတ်သက်ပြီး ယခင်သတ္တုတွင်း ၀န်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ဇွန် ၂ ရက် နံနက်ပိုင်းတွင် နေပြည်တော် ရွှေကြာပင် ကျောက်မျက်အချောထည်ဈေး ကျောက်မျက်သင်တန်းကျောင်းတွင် ရှင်းလင်းခဲ့သလို မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ်မှလည်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီးခန်းမတွင် မွန်းလွဲပိုင်းက ရှင်းလင်းခဲ့သည်။
ယင်းသို့ ရှင်းလင်းခဲ့ကြရာတွင် သတ္တုတွင်း ၀န်ကြီးဟောင်းမှ ငွေစာရင်းများအား အမေရိကန်ဒေါ်လာဖြင့် ရှင်းလင်းခဲ့ပြီး ကျောက်မျက်လုပ်ငန်းရှင်များ အသင်းကမူ ယူရိုငွေဖြင့် ငွေစာရင်းများ ထုတ်ပြန်ခဲ့ကြသည်။
■ ယူရိုသန်း ၈၀ ကျော်အပေါ် ယခင်သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဦးစိုးသိန်းတို့မှာ အဂတိ လိုက်စားမှု လုံးဝမရှိကြောင်း သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် ရှင်းလင်း
မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း ရန်ပုံငွေ ယူရိုသန်း ၈၀ ကျော်အပေါ် ယခင်သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဦးစိုးသိန်းတို့မှာ အဂတိလိုက်စားမှု လုံးဝမရှိကြောင်း သတ္ထုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ရှင်းလင်းခဲ့သည်။
ဇွန် ၂ ရက်က ရွှေကြာပင် ကျောက်မျက် အချောထည်ဈေး၊ ကျောက်မျက် သင်တန်းကျောင်းတွင် ပြုလုပ်သည့် သတ္ထုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ဦးဆောင်ကာ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ထံသို့ ကျောက်မျက် လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲမှ ယူရိုသန်း ၈၀ ကျော် ပျောက်ဆုံးနေမှု ကိစ္စနှင့်ပတ်သက်၍ မေလ အတွင်းက တိုင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးဟောင်း ဒေါက်တာမြင့်အောင်က အမေရိကန်ဒေါ်လာ ခြောက်သန်းအား ဘဏ်တစ်ခုတည်းတွင် အပ်နှံထားခြင်းကိစ္စ၊ ဖားကန့်မြို့ရှောင်လမ်း ဖောက်လုပ်ရန် သုံးစွဲခဲ့သည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကိစ္စ၊ ရွှေကြာပင်ဈေး တိုးတက်ရေး ခေါင်းစဉ်ဖြင့် ဒေါ်လာနှစ်သန်း ထုတ်ပေးခဲ့ခြင်းကိစ္စ၊ အနုပညာ ဦးစီးဌာနအတွက် ဆောက်လုပ်ရန် အကြောင်းပြ၍ ယခင်သမ္မတဟောင်း ဦးသိန်းစိန်က အမေရိကန်ဒေါ်လာ ခုနစ်သန်း ထုတ်ယူသွားခြင်းကိစ္စ၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းအား အမေရိကန်ဒေါ်လာ ငါးသန်းပေးခြင်းကိစ္စ အပါအ၀င် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ဦးဆောင်ကာ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ထံသို့ တိုင်ကြားခဲ့သည့် တိုင်ကြားစာပါ အချက်များကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က "ကျွန်တော်မရှင်းရင် ဟုတ်သလိုလို၊ မဟုတ်သလိုလို ဖြစ်နေမှာစိုးလို့ ကျွန်တော်ရဲ့ ပုဂ္ဂိုလ်ရေးအရ ခေါ်ယူရှင်းလင်းခြင်း ဖြစ်ပါတယ်။ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ မရှိဘူး။ လုပ်ထုံးလုပ်နည်းအရပဲ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်တာ မဟုတ်ဘူး။ ဗဟိုကော်မတီကြီးက ဆုံးဖြတ်ပြီးတော့ ၅၂ သန်းသော ပြည်သူလူထုပိုင် ကျောက်မျက်ရတနာတွေကနေပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဒေသတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဟာတွေကို ကျွန်တော်တို့ သုံးစွဲခြင်းပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် အနုပညာ ဦးစီးဌာနအတွက် ဆောက်လုပ်ရန် အကြောင်းပြ၍ ယခင်သမ္မတဟောင်း ဦးသိန်းစိန်က အမေရိကန်ဒေါ်လာ ခုနစ်သန်း ထုတ်ယူသွားခြင်းကိစ္စနှင့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းအား အမေရိကန်ဒေါ်လာ ငါးသန်းပေးခြင်း ကိစ္စအား ရှင်းလင်းရာတွင် "သမ္မတ ဦးသိန်းစိန် ဒီငွေတွေကို လက်ခံတာလည်း မဟုတ်ဘူး။ ဒီ ၈၁ သန်းက လည်း သူ့လက်ထဲမှာလည်း မဟုတ်ဘူး။ ဦးစိုးသိန်းကို ငါးသန်းပေးလိုက်တယ် ဆိုတာလည်း တစ်ပြားမှပေးတာ မဟုတ်ဘူး ဆိုတာလည်း သိတာပဲလေ။ ခုနစ်သန်းကို သမ္မတကြီးလက်ထဲ ကျွန်တော်လည်း ထည့်တာမဟုတ်ဘူး။ ဘယ်သူကမှလည်း ထည့်တာမဟုတ်ဘူး။ သမ္မတကြီးက အခုလောလောဆယ် ပါတီဥက္ကဋ္ဌဗျာ။ ဒါက ပါတီသိက္ခာချတယ်လို့ ကျွန်တော်တော့ မြင်တယ်ဗျာ။ ကျွန်တော်နဂိုကတော့ ပါတီဝင်။ အခုထိလည်း ဘာတာဝန်မှ မပေးပါဘူး။ ဘေးကအမြင် ပြောရရင် ပါတီကိုလည်း သိက္ခာချတယ်။ ပုဂ္ဂိုလ်ရေး သိက္ခာချတဲ့ အတွက်ကြောင့်မို့လို့ ဒါကိုဥပဒေကြောင်းအရ အရေးယူဖို့ သင့်တယ်လို့ ကျွန်တော် မြင်တယ်။ မမှန်ကန်တာကို မမှန်ကန်ဘူးဆိုတာ တရားဥပဒေအရ တုံ့ပြန်ရမယ်။ ကျွန်တော် ကိုယ့်ကို Clear ဖြစ်လို့ ဒီကိုလာတာ။ Clear မဖြစ်ဘူးဆိုရင် ကျွန်တော် ငြိမ်နေမှာပေါ့။ အဂတိလိုက်စားမှု ကျွန်တော် လုံးဝမလုပ်ဘူး။ ဒါအမှန်အတိုင်း ပြောတာပါ" ဟု ဒေါက်တာမြင့်အောင်က ဆိုသည်။
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ထဲမှ ကျောက်မျက် လုပ်ငန်းရှင်များထံမှာ စုပေါင်းကောက်ခံထားသော အသင်းချုပ်ပိုင် ရန်ပုံငွေများမှ အသင်းချုပ် စတင်တည်ထောင်ခဲ့သည့် ၂၀၀၉-၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ တစ်ရာခိုင်နှုန်း အခွန်ကောက်ခံ ရရှိသော ငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၇ မီလျံဖြစ်ပြီး ယခုအချိန်တွင် အမေရိကန်ဒေါ်လာ ခုနစ်မီလျံခန့်သာ ကျန်ရှိတော့၍ သုံးစွဲငွေများကို ခေါင်းစဉ်အမျိုးမျိုးပြကာ အသင်းချုပ်၏ တာဝန်ရှိသူများနှင့် အစိုးရတာဝန်ရှိသူများ ပူးပေါင်းကာ အဂတိလိုက်စားမှု ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်းများမှ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်သို့ တိုင်ကြားထားသည်။
ယင်းကဲ့သို့ တိုင်ကြားမှုအပေါ် ဒေါက်တာမြင့်အောင်က "ယေဘုယျပြောရရင်တော့ ၉၂ သန်းကျော် ရှိပါတယ်။ အဲဒီကနေစပြီး ကျောက်မျက် မဏိရတနာ ဆောက်လုပ်တာတို့ ဘာတို့ အကုန် သုံးလိုက်တဲ့ဟာ ကျွန်တော့် လက်ထဲမှာတော့ ၅ ဒသမ ၄ သန်းကျော် ကျန်ပါတယ်။ ၅ ဒသ မ ၄ သန်းကနေပြီးတော့ ကျွန်တော်တို့ လက်ထက်မှာ လုပ်တဲ့ပွဲတွေမှာ ကောက်ခံရရှိ ငွေပေါင်းလိုက်ရင် ၃၈ သန်းလောက် ရှိပါတယ်။ ၀န်ကြီးလက်ထက် တာဝန်ယူတဲ့ အချိန်အထိ ၃၈ သန်း ရှိပါတယ်။ ၃၁ ရက် ၃ လပိုင်း စာရင်းပိတ်လိုက်ပါတယ်။ အဲဒီငွေက ရှိပြီးသား ဖြစ်ပါတယ်။ ဘဏ်အကောင့်မှာလည်း ရှိပါတယ်" ဟုပြောကြားသည်။
■ ကျောက်မျက်အသင်းရန်ပုံငွေ ယူရို ၉၃ သန်း အလွဲသုံးစား လုပ်ခံရမှုနှင့် ပတ်သက်၍ ဟန်ပြစစ်ဆေးခြင်းဖြင့် ပြီးဆုံးသွားမည်ကို စိုးရိမ်နေကြောင်းနှင့် ဦးသိန်းစိန်တို့ ပါဝင်ပတ်သက် လာသည့်အပြင် စနစ်တကျ စစ်ဆေးနိုင်ပါက ယခုထက်ပိုသည့် ဆက်နွှယ်သူများ တွေ့ရှိလာမည်ဖြစ်ကာ ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှင်းလင်း
ကျောက်မျက်အသင်း ရန်ပုံငွေ ယူရို ၉၃ သန်းကျော် အလွဲသုံးစား လုပ်ခံရမှုနှင့် ပတ်သက်၍ ဟန်ပြစစ်ဆေးခြင်းဖြင့် ပြီးဆုံးသွားမည်ကို စိုးရိမ်နေကြောင်းနှင့် ဦးသိန်းစိန်တို့ ပါဝင်ပတ်သက် လာသည့်အပြင် စနစ်တကျ စစ်ဆေးနိုင်ပါက ယခုထက်ပိုသည့် ဆက်နွှယ်နေသူများ တွေ့ရှိလာမည်ဖြစ်ကာ ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဇွန် ၂ ရက်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့သည့် 'မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ တစ်ရာခိုင်နှုန်း အခွန် ယူရို ၉၃ သန်းကျော်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနား' တွင် တိုင်ကြားသူများကိုယ်စား အသင်း၏ အလုပ်အမှုဆောင်နှင့် K.L.C Group of Companies ၏ CEO ဦးကျော်ကျော်ဦးက ရှင်းလင်းခဲ့သည်။
မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း ရန်ပုံငွေ ယူရို သန်း ၈၀ ကျော်အပေါ် ယခင်သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဦးစိုးသိန်းတို့ အဂတိလိုက်စားမှု လုံးဝမရှိကြောင်း ယခင်သတ္တုတွင်း ၀န်ကြီးဟောင်း ဒေါက်တာမြင့်အောင်က နေပြည်တော်တွင် ရှင်းလင်းမှုပြုလုပ်သကဲ့သို့ ရန်ကုန်မြို့တွင်လည်း ကျောက်မျက် အသင်းပိုင် ယူရို ၈၆ သန်းကို အလွဲသုံးစားပြုမှုနှင့် ပတ်သက်၍ ကျောက်မျက်အသင်းမှ ယူရို ၈၆ သန်းကျော် သုံးစွဲမှုနှင့် ပတ်သက်၍ သိရှိလိုသူများက ရှင်းလင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"ဦးသိန်းစိန်နဲ့ ဦးစိုးသိန်း နှစ်ဦးပဲ ပါတယ် ဆိုပေမယ့် ၉၃ သန်းလုံးကိုသာ စစ်လိုက်ရင် နွှယ်နေတဲ့သူတွေ အများကြီး ပါလာဦးမယ်လို့ ကျွန်တော်တို့ အသင်းသားတွေက ယုံတယ်" ဟု ဦးကျော်ကျော်ဦးက ဆိုသည်။
မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ်၏ တိုင်ကြားစာတွင် အသင်း စတင်တည်ထောင်သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျောက်မျက်လုပ်ငန်းရှင် များထံမှ တစ်ရာခိုင်နှုန်း ကောက်ခံထားသော ရန်ပုံငွေ ယူရို ၉၃ သန်းကျော်ရှိပြီး ၈၆ သန်း ကျော်၏ အသုံးချမှုများကို သိရှိလိုသည်ဟု ပါရှိသည်။ လက်ရှိ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရုံးမူက သမ္မတဟောင်း ဦးသိန်းစိန်နှင့် သမ္မတရုံး ၀န်ကြီးဟောင်း ဦးစိုးသိန်းတို့ကို ပေးအပ်ငွေ အပါအ၀င် အကြောင်းအရာ ခေါင်းစဉ် ၁၂ ခုပြ၍ အဆိုပါ ရန်ပုံငွေများထဲမှ ယူရို ၈၆ သန်းကို အလွဲသုံးစား ပြုလုပ်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ထံသို့ တိုင်ကြားစာ၌ ဖော်ပြထားသည်။
သမ္မတဟောင်း ဦးသိန်းစိန်က အနုပညာ ဦးစီးဌာနအတွက် ယူရို ၇ သန်း ထုတ်ယူထားပြီး ၀န်ကြီးဟောင်း ဦးစိုးသိန်းက ယူရို ၅ သန်း ထုတ်ယူထားကာ ကျောက်မျက်အသင်း စတင်ထူထောင်စ ၂၀၀၇ မှ ၂၀၁၄ အထိ ဦးတေဇက တာဝန်ယူခဲ့ပြီး ကျောက်မျက် အသင်းချုပ်ဥက္ကဋ္ဌ ဦးရုံးမူသည် ၂၀၁၄ ခုနှစ်မှ စတင်၍ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်သည်။ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌအဖြစ် ဖြစ်ချင်သူ ဖြစ်ခွင့် မရကြောင်းနှင့် ယခင်အစိုးရ လက်ထက်တွင် ယင်းတို့ဖြစ်လိုသူကိုသာ ဥက္ကဋ္ဌတာဝန် ပေးအပ်ရပြီး ဦးရုံးမူ လက်ထက်တွင်လည်း ဟန်ပြရွေးကောက်ပွဲသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်အတွက် လက်ရှိ အငြင်းပွားနေဆဲ အချိန်တွင် ဦးရုံးမူအား ဥက္ကဋ္ဌအဖြစ်မှ ရပ်ဆိုင်းရန် တောင်းဆိုမည်ဟု ဦးကျော်ကျော်ဦးက ဆိုသည်။ ထို့ပြင် လက်ရှိ စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးဝင်းထိန်မှာ သတ္တုတွင်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖြစ်နေသော်လည်း ဗိုလ်မှူးကြီးဟောင်း ဖြစ်သဖြင့် စစ်ဆေးမှုများမှာ ဟန်ပြစစ်ဆေးမှုများသာ ဖြစ်နေနိုင်ပြီး ပွင့်လင်းမြင်သာမှု မရှိနိုင်သည့်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ ကျောက်မျက်အသင်း၊ ဥပဒေပညာရှင်များ၊ ပြည်ထောင်စုစာရင်းချုပ်မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင် အင်ဂျင်နီယာများနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ ပါဝင်၍ အမှန်တရား ပေါ်ပေါက်အောင် စစ်ဆေးမည်ဟု ဦးကျော်ကျော်ဦးက ဆိုသည်။
"အရင်အစိုးရအဖွဲ့ အကြီးအကဲ တစ်ယောက်နဲ့ ပတ်သက်နေတော့ အရမ်းကို စိတ်ဝင်စားနေကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးဝင်းထိန် (သတ္တုတွင်းဝန်ကြီးဌာန - ညွှန်ကြားရေးမှူးချုပ်) က ပြောခဲ့တာ သူက ယူရို ခုနစ်သန်း ထုတ်သွားတယ်။ ဒါပေမဲ့ သူက အသင်းရန်ပုံငွေက တစ်သန်းပဲ ထုတ်သွားပြီးတော့ ကျန်တဲ့ခြောက်သန်းက ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေက ၀ိုင်းစုထည့်ပေး လိုက်တာလို့ ပြောပါတယ်။ ဒါက အသံဖိုင်လည်း ရှိပါတယ်။ ဒါက ခုနစ်သန်းပြည့်အောင် နိုင်ငံ့ခေါင်းဆောင် (ဦးသိန်းစိန်) ကို ပေးလိုက်တာပါလို့ ပြောပါတယ်" ဟု ဦးကျော်ကျော်ဦးက ဆိုသည်။
လက်ရှိ ဖြစ်ပေါ်နေသည်နှင့် ပတ်သက်၍ ယခင်သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့် ရှိသူအဖြစ် တာဝန်ယူခဲ့သူ ဦးရဲထွဋ်က နိုင်ငံရေးနှင့် ပတ်သက်နေကြောင်း ပြောကြားချက်နှင့် ပတ်သက်၍ နိုင်ငံရေးနှင့် မသက်ဆိုင်ကြောင်းနှင့် အသင်း၏ ငွေများကို မည်သို့သုံးခဲ့သည်ကို သိရှိလိုခြင်းသာ ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။
"ကျွန်တော်တို့ အသင်းရဲ့ ငွေကိုဘယ်မှာ သုံးထားလဲ သိချင်တယ်။ တကယ်လို့ သုံးထားရင် မှန်မှန်ကန်ကန် သုံးထားလား သိချင်တယ်။ တစ်ရာခိုင်နှုန်း အခွန်ကို ရှင်းရှင်းလင်းလင်း ပြောပေးပါ။ ကျွန်တော်တို့ သိချင်ပါတယ်ဆိုပြီး တိုင်လိုက်တဲ့စာက ပြည်ထောင်စုလွှတ်တော် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဆိုတာကို တိုင်လိုက်တယ်။ ကျန်တာတွေကိုတော့ သမ္မတကြီးတို့ ဘာတို့ ပို့လိုက်တယ်။ အဲဒီလိုဆိုတော့ သူတို့စိတ်ထဲမှာ နိုင်ငံရေး ကစားကွက်တို့ ဘာတို့ထင်တယ်။ အမှန်တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာလို့ တိုင်တာလဲဆိုတော့ ဥပဒေနဲ့ ငြိစွန်းနေလို့ တိုင်တာ။ ဘာလို့လဲဆိုတော့ သူတို့ ကောက်ထားတဲ့ တစ်ရာခိုင်နှုန်း အခွန်က ဥပဒေနဲ့ မညီတဲ့ငွေတွေ။ နောက်တစ်ချက်က ဒါကအထူးကိစ္စ ဖြစ်နေတယ်။ တော်ရုံသွားတိုင်ရင် ဘယ်သူကမှ စုံစမ်းစစ်ဆေးပေးမှာ မဟုတ်လို့ ဦးရွှေမန်းကော်မရှင်ကို တိုင်တာ။ ဦးဝင်းထိန် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီက ၉၃ သန်း အသုံးပြုမယ့် စာရင်းကို ပြီးရင်ပေးမယ် ပြောတယ်။ စစ်ဆေးမှုကလည်း ဒီနေ့ပြီးရင် ပြီးပြီ။ ကျွန်တော်ရှင်းပြ သလိုပါပဲ။ အချိန်တစ်ခု သတ်မှတ်မယ်။ ၉၃ သန်းကို ၀န်ကြီးဌာန အတွင်းမှာ စစ်ပြီးတာနဲ့ ဦးရွှေမန်း ကော်မရှင်အဖွဲ့ဝင် ဦးသိန်းလွင်က လက်ရှိ စစ်ဆေးတဲ့ အဖွဲ့ထက် အဆင့်မြင့်တဲ့ အဖွဲ့နဲ့ စစ်ပေးမယ်လို့ ပြောထားတယ်။ အဲဒါကြောင့်မို့ လူကြီးတွေ စီမံတာကို ကျွန်တော်တို့ စောင့်ကြည့်မယ်။ စောင့်ကြည့်လို့ အချိန်ဆွဲနေမယ်။ ထိရောက်မှုလည်း မရှိဘူးဆိုရင်တော့ အသင်းသားတွေနဲ့ တိုင်ပင်ပြီးတော့ တရားဥပဒေကြောင်းအရ သွားမယ်။ ၉၃ သန်းမှာ အပိုင်း နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ပြပွဲကျင်းပရေး ကော်မတီနဲ့ ဆိုင်တာ။ အဲဒါကိုတော့ အစိုးရက ဆက်လုပ်လိမ့်မယ်။ တစ်ပိုင်းကတော့ ကျွန်တော်တို့ အသင်းနဲ့ဆိုင်တာ။ အသင်းသားတွေနဲ့ တိုင်ပင်ပြီးတော့ ဆက်လုပ်မယ်" ဟု ဦးကျော်ကျော်ဦးက ဆက်လက်ပြောကြားသည်။
ကျောက်မျက်အသင်း ရန်ပုံငွေနှင့် ပတ်သက်၍ တိုင်ကြားချက်များတွင် ဖားကန့်မြို့ရှောင်လမ်းဖောက်ရန် ဒေါ်လာ ၁ ဒသမ ၆ သန်းကို ဥက္ကဋ္ဌက လက်သိပ်ထိုးပေးခြင်းကိစ္စ၊ ဘက်ဟိုး ငါးစီးကို ဦးကျော်ဌေးဆီမှ ဒေါ်လာ ခြောက်သိန်းခြောက်သောင်းနှင့် ၀ယ်ယူခြင်း၊ ရွှေကြာပင်ဈေး ဖွံ့ဖြိုးရေး ဒေါ်လာ နှစ်သန်း၊ အမေရိကန်ဒေါ်လာ ခြောက်သန်းကို ဘဏ်တစ်ခုထဲတွင် အသင်းဝင်များ သိရှိမှု မရှိဘဲ အပ်နှံထားမှု၊ ကျောက်မျက်ထွက်ရာ ဒေသတွင်းဖွံ့ဖြိုးရေး (CSR) လုပ်ငန်းများ ဆောင်ရွက်ရန် ဖားကန့်ဒေသအတွက် ကျပ်သိန်း သုံးထောင်၊ မိုးကုတ်ဒေသအတွက် သိန်းနှစ်ထောင်ကိစ္စများ၊ ဗဟိုအလုပ်အမှုဆောင် ဦးသာထွန်းအား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ရန်ပုံငွေအတွက် ဒေါ်လာနှစ်သန်း ထုတ်ပေးခြင်း စသည့် အချက်များလည်း ပါဝင်ပြီး အသင်းဥက္ကဋ္ဌ အနေဖြင့် ကျပ်သိန်း ၂၀၀ ထက် ကျော်လွန်သည့် ကိစ္စများ ပြုလုပ်မည် ဆိုပါက အသင်းမှ တာဝန်ရှိသူများနှင့် ဆွေးနွေးရမည် ဖြစ်ကြောင်းနှင့် လက်ရှိဥက္ကဋ္ဌ ဦးရုံးမူမှာ ဆက်သွယ်မရဘဲ ဖုန်းပိတ်ထားသည့် အတွက် မည်သည့်နေရာကို ရောက်ရှိနေသည်ကို မသိရှိကြောင်း ဦးကျော်ကျော်ဦးက ဆက်လက် ပြောကြားသည်။
ထို့ပြင် လက်ရှိတွင် ၉၃ သန်းမှ ၈၆ သန်း သုံးစွဲထားပြီး ကျန်ခုနစ်သန်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိရှိလိုကြောင်းနှင့် သိရှိလာပါက အသင်းမှ ဆောက်လုပ်ခဲ့သည့် အဆောက်အအုံများ၊ လမ်းများကို ဆောက်လုပ်ခဲ့သည့် ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိသည့် အရည်အသွေးမှာ ထိုက်တန်မှု ရှိမရှိ စစ်ဆေးမည် ဖြစ်ကြောင်းနှင့် မဏိရတနာ ကျောက်မျက်ခန်းမမှာ ယူရိုသန်း ၄၀ ကုန်ကျခဲ့သော်လည်း ၁၀ သန်းသာ တန်ခဲ့သည် ဆိုပါက ကျန်သန်း ၃၀ အား အသင်းသို့ ပြန်ပေးရမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ပြောကြားသည်။
ကျောက်မျက်အသင်းပိုင် ငွေနှင့် ပတ်သက်၍ တိုင်ကြားခံရသူများ စာရင်းတွင် ဦးသိန်းစိန် ပါဝင်နေခြင်း၊ တိုင်ကြားမှုကို စစ်ဆေးမည့်သူမှာ ဦးရွှေမန်းဖြစ်နေခြင်းနှင့် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး အကြားတွင် သန်းခေါင်ယံ အာဏာသိမ်းပွဲကဲ့သို့ ပဋိပက္ခများ ရှိခဲ့ခြင်းနှင့် ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုင်ငံရေးနှင့် ပတ်သက်နေနိုင်သည်ဟု ပြောဆိုခဲ့ခြင်းများနှင့် ပတ်သက်၍ ဦးဆောင်တိုင်ကြားသူများ၏ လုံခြုံရေး အခြေအနေအပေါ် မေးမြန်းရာ ဦးကျော်ကျော်ဦးက "ကျွန်တော်တို့က အမှန်တရားပဲ လုပ်တာပါ။ လုံခြုံရေး ယူထားတာ မရှိပါဘူး။ ကာကွယ်ထားတာလည်း မရှိပါဘူး။ အမှန်တရားကို ပြောလို့ ထိခိုက်မယ် ဆိုရင်လည်း အမှန်တရားအတွက်ပဲဗျာ။ အဲဒါကို ကြောက်ပြီးတော့ မပြောဘူးဆိုရင် အမှန်တရားဆိုတာ ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူး" ဟုဆိုသည်။
လက်ရှိအချိန်တွင် ဦးကျော်ကျော်ဦးတို့ အနေနှင့် ယခင်ဥက္ကဋ္ဌဟောင်း ဦးတေဇ လက်ထက်တွင်လည်း မသမာမှုများ ရှိနိုင်သည်ဟု ပြောကြားခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများစွာ ရှိကြောင်းနှင့် ထိုအချိန်က လုပ်ခဲ့သည့် လုပ်ငန်းများသည် ထိုခေတ် ထိုကာလက လုပ်ခဲ့သည့် ဈေးနှုန်းအခြေအနေနှင့် ကိုက်ညီမှု ရှိ မရှိကို Performance Analysis လုပ်ဆောင်မှသာ သိရှိမည် ဖြစ်ကြောင်းနှင့် မည်သည့် အတိုင်းအတာအရ မသမာမှုများ ပြုလုပ်ခဲ့သည်ကို သိရှိရန် ၉၃ သန်း အသုံးပြုမှုကို သိရှိရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် အဆိုပါ ၉၃ သန်း အသုံးချမှုကို သိရှိမှသာ မည်သူ့လက်ထက်တွင် မည်မျှသုံးစွဲခဲ့သည်ကို သိရှိမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆက်လက် ပြောကြားသည်။ news-eleven.com
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, June 3, 2016
ယခင်အစိုးရလက်ထက် ကျောက်မျက်အသင်း ရန်ပုံငွေ ယူရို သန်း ၈၀ ကျော်ကိစ္စနှင့် ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဟောင်းနှင့် ကျောက်မျက် အသင်းတို့ နှစ်ဖက်အပြန်အလှန် ရှင်းလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment