သမ္မတသစ် နေရာအတွက် ကလင်တန်ကို ထောက်ခံသွားမည်ဟု အိုဘားမား တရားဝင် ထုတ်ပြော
Friday, June 10, 2016
၎င်းကို ဆက်ခံမည့် အမေရိကန်၏ ၄၅ ဦးမြောက် သမ္မတ နေရာအတွက် ဟီလာရီ ကလင်တန်ကို ထောက်ခံသွားမည်ဟု ဘာရတ် အိုဘားမားက တရားဝင် အတည်ပြု ကြေညာခဲ့သည်။
ဒီမိုကရက်ပါတီ ကိုယ်စားပြု သမ္မတလောင်းနေရာအတွက် လိုအပ်သည့် ကိုယ်စားလှယ် ထောက်ခံမဲအရေအတွက် အပြည့်အဝရရှိထားပြီဖြစ်သည့် ကလင်တန်ကို မိမိထောက်ခံမည်ဟု အိုဘားမားက ဆိုသည်။ လက်ရှိသမ္မတကိုယ်တိုင်က ကလင်တန်ဘက်မှ ရပ်တည်ရန် တရားဝင် ဆုံးဖြတ်လိုက်သည့်နောက် ကလင်တန်၏ ဒီမိုကရက်ပါတီတွင်းပြိုင်ဘက် ဘာနေဆန်းဒါးစ်အတွက် အကြီးအကျယ် ထိုးနှက်မှု ဖြစ်သွားစေခဲ့သည်။
ဆန်းဒါးစ်က ကလင်တန်အနေဖြင့် ကိုယ်စားလှယ်ထောက်ခံမဲ အရေအတွက် ပြည့်မီစွာရရှိထားသော်လည်း ပါတီညီလာခံတွင် သီးခြားထောက်ခံမဲများကို ၎င်းအတွက် ရယူနိုင်ရန် ကြိုးစားနေသူ ဖြစ်သည်။ ဆန်းဒါးစ်က ဝါရှင်တန် မြို့တော်တွင် ၎င်း၏ သမ္မတနေရာ ယှဉ်ပြိုင်ခွင့်အတွက် ဆက်လက် မဲဆွယ် စည်းရုံးနေဦးမည်ဟု ဆိုသည်။
ကလင်တန်သည် အိုဘားမား၏ သမ္မတသက်တမ်း ပထမလေးနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူမသည် ယခင်က ဒီမိုကရက် သမ္မတလောင်းနေရာအတွက်လည်း အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ကလင်တန်သည် အမေရိကန် နိုင်ငံသမိုင်းတွင် အမျိုးသမီးတစ်ဦးအဖြစ် ပထမဆုံးအကြိမ် သမ္မတနေရာကို ရွေးကောက်ခံ ယှဉ်ပြိုင်ခွင့်ရရန် သေချာသလောက်လည်း ရှိနေပြီ ဖြစ်သည်။
ကလင်တန်က Twitterပေါ်တွင် မျှဝေထားသည့် ဗီဒီယိုအတွင်း၌ အိုဘားမားက “ကျွန်တော့်ရဲ့ သမ္မတသက်တမ်း ဖြတ်သန်းမှုမှ အစကနေ ဆုံးခန်းတိုင်အောင် မယုံနိုင်လောက်စရာ ကူညီ ထောက်ပံ့ပေးသူ အားလုံးကို အသိပေးပါရစေ။ ကျွန်တော်က သူ(ကလင်တန်)နဲ့အတူ ရပ်တည်ပါမယ်။ ဟီလာရီ ကလင်တန်အတွက် ကူညီ စည်းရုံးပေးရမယ့် အခွင့်အရေးကို မစောင့်နိုင်လောက်အောင်ပါပဲ”ဟု ပြောကြားထားသည်။
မက်ဆာချူးဆက် ပြည်နယ် ကိုယ်စားလှယ်အမတ် အဲလိဇဘက်သ် ဝါရန်ကလည်း သူမအနေဖြင့် ကလင်တန်ကိုသာ ထောက်ခံသွားမည်ဟု ကြေညာခဲ့သည်။ အိုဘားမားနှင့် ကလင်တန်တို့သည် ကလင်တန် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် မဲဆွယ်စည်းရုံးမှု လုပ်ငန်းစဉ်များကို မကြာမီ စတင်သွားဖွယ် ရှိကြောင်းလည်း သိရသည်။
7Day
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, June 10, 2016
သမ္မတသစ် နေရာအတွက် ကလင်တန်ကို ထောက်ခံသွားမည်ဟု အိုဘားမား တရားဝင် ထုတ်ပြော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment