Monday, June 6, 2016

အစိုးရ နှင့် “ဝ”၊ မိုင်းလား အဖွဲ့များ ရက်ပိုင်းအတွင်း တွေ့မည်ဟုဆို --------------------------

အစိုးရ နှင့် “ဝ”၊ မိုင်းလား အဖွဲ့များ ရက်ပိုင်းအတွင်း တွေ့မည်ဟုဆို
--------------------------
ရန်ကုန်၊ ဇွန် ၅

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီသည် “ဝ” နှင့် မိုင်းလား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ယခု ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

အဆိုပါ ညီလာခံ အကြို ပြင်ဆင်ရေးကော်မတီသည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က အပစ်ရပ် စာချုပ်တွင် လက်မှတ်ထိုးထားခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စုဖွဲ့ထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနှင့် တွေ့ဆုံထားသည်။

ယင်းသို့ နှစ်ဖက်တွေ့ဆုံပြီး ပင်လုံညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း UNFC အဖွဲ့တွင်း မပါဝင်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ မိုင်းလားလက်နက် ကိုင်အဖွဲ့ (NDAA)တို့ အပါအဝင် ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံရန် ဆက်လက် စီစဉ်လျက်ရှိကြောင်း ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောကြားသည်။

“လက်ရှိ တွေ့ဆုံမည့်အချိန်နဲ့ နေရာကို ညှိုနှိုင်းနေတုန်းပါပဲ။ ဒေါက်တာတင်မျိုးဝင်း ကိုယ်တိုင် ဆက်သွယ်နေပါတယ်၊ ရက်ပိုင်းအတွင်း တွေ့ဖြစ်မယ်လို့ထင်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ အစိုးရဘက်မှတွေ့ဆုံရန် ဆက်သွယ်မှုများရှိသော်လည်း တွေ့ဆုံမည့်နေရာနှင့် အချိန်ကို ဆက်သွယ်ပြောကြားမှု မရှိသေးကြောင်း မိုင်းလား(NDAA)အဖွဲ့ အတွင်းရေးမှူး ဦးကြည်မြင့်က ပြောကြားသည်။

“အထက်ပိုင်းက လူကြီးတွေနဲ့ ဆက်သွယ်နေတာတော့ နှစ်ဖက် ဆွေးနွေးမယ်ဆိုတာတော့ ရှိပါတယ်။ ဘယ်တော့လဲတော့ အတိအကျ မပြောနိုင်သေးဘူး”ဟု ၎င်းက ဆိုသည်။

ထို့အပြင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) အဖွဲ့ကို တွေ့ဆုံရန် ကမ်းလှမ်းထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

အလားတူ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသတွင် အခြေစိုက်သော နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)နှင့် လည်း တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီထံမှသိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွေ့ဆုံပွဲတွင် NCA လက်မှတ်မထိုးရသေးသော အဖွဲ့များကို ပါ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် အစိုးရဘက်မှ ဖိတ်ကြားခဲ့ပြီး UNFC အဖွဲ့ဝင်များကလည်း ပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဟု တုံ့ပြန်ခဲ့ကြသည်။


No comments: