Tuesday, June 7, 2016

မြောင်းမြ၌ တစ်သောင်းတန်အတုများ ဖြန့်သည့်အဖွဲ့ ဖမ်းမိ -------------------

မြောင်းမြ၌ တစ်သောင်းတန်အတုများ ဖြန့်သည့်အဖွဲ့ ဖမ်းမိ
---------------------------------------

ပုသိမ်၊ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ကံဘဲ့လေးကျေးရွာရှိ နာရေးအိမ်တွင် ဖဲလာရောက်ကစားပြီး ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကို ဖြန့်ဝေခဲ့သော အသက် ၃၇နှစ်အရွယ်မှ ၆၈နှစ် အရွယ် ကြားရှိသော အမျိုးသား ငါးဦးကို ဇွန်လ ၄ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအမျိုးသား ငါးဦးက ကံဘဲ့လေး ကျေးရွာရှိ အမျိုးသားတစ်ဦး၏ အိမ်တွင် တည်းခိုပြီး ဇွန်လ ၂ရက်နေ့က နာရေးအိမ်တွင် ဖဲဒိုင်ကိုင်ကာ တစ်သောင်းတန် ငွေစက္ကူအတု ၃၃ရွက်ကို ဖဲကစားသည့် ရွာသားများထံ ဖြန့်ဝေခဲ့ကြောင်း၊ ဖဲကစားခဲ့သူတစ်ဦးက ဖဲဝိုင်းတွင် ရရှိခဲ့သော ငွေစက္ကူ တစ်သောင်း တန်ဖြင့် ကျုံမငေးမြို့တွင် ဈေးဝယ်ရာမှ ငွေစက္ကူ အတုဖြစ်သည်ကို သိရှိခဲ့ပြီးနောက် ဖဲဝိုင်းတွင် ကစားခဲ့သော ရွာသားများကို အသိပေးခဲ့ရာမှ တစ်သောင်းငွေစက္ကူအတု ၃၃ရွက်ကို တွေ့ရှိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ အဆင့်မြင့် နည်းပညာနဲ့လုပ်သလား ၊ ဓာတ်ပုံ မိတ္တူနဲ့ အတု လုပ်သလား ၊ ဘယ်လိုမျိုးအတုလုပ် သလဲဆိုတာကို သေချာသိရဖို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမျိုးမြင့်အောင်က ရှင်းပြသည်။

ငွေစက္ကူအတုများကို ရာအိမ်မှူးထံ အပ်နှံပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှတဆင့် ရန်မနိုင် နယ်မြေ ရဲစခန်းတွင် ဇွန်လ ၄ရက်နေ့က လာရောက် အပ်နှံပြီး အမှုဖွင့်ခဲ့ကြောင်း၊ ယင်းနောက် လင်းဒိုင်ဒေါင့် ကြီးကျေးရွာနှင့် ကဝက်ရွာတို့တွင် ငွေစက္ကူအတု ဖြန့်ဝေခဲ့သူများကို ဖမ်းဆီးစဉ် ဖမ်းမိသူများ အနက် အသက် ၅၆နှစ်အရွယ် ဦးကြည်ဦးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၂ရွက် ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် တည်းခိုနေထိုင်ခဲ့သော အမျိုးသား၏နေအိမ်တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု၂ ရွက်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း ၊ ငွေစက္ကူအတု ဖြန့်ဝေခဲ့သော အမျိုးသား ၅ဦးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ-၁၀၅/၁၀၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ရန်မနိုင်နယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။


No comments: