အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်များအတွက် အစိုးရနဲ့ NLD ကြား ဆက်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ဆောင်ရွက်သွားမယ်
-------------------------------------------
နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးရာမှာ တည်ငြိမ်ချောမွေ့တဲ့ အာဏာအလွှဲအပြောင်းအတွက် အဓိကဆွေးနွေးခဲ့ပြီး လွှဲပြောင်းရေးလုပ်ငန်းစဉ်တွေဆက်လုပ်ဖို့ အစိုးရနဲ့ NLD ကြားမှာ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ 
လက်ရှိအချိန်မှာ အစိုးရကိုယ်စား ဝန်ကြီးဦးရဲထွဋ်နဲ့ NLD ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်တို့ ဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက အနိုင်ရခဲ့တဲ့အပေါ် သမ္မတဦးသိန်းစိန်နဲ့ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ချီးကျူးဂုဏ်ပြုစကား ဆိုခဲ့ကြောင်းလည်း သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို ဦးရဲထွဋ်နဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ ထည့်သွင်းဆွေးနွေးခြင်း မရှိသလို အစိုးရသစ် ဖွဲ့စည်းရေးနဲ့ ပတ်သက်တာတွေလည်း ဆွေးနွေးခြင်းမရှိဘူးလို့ ဦးရဲထွဋ်က ဆိုပါတယ်။
Photo - Myanmar President Office
 
  
  
  
  
 
No comments:
Post a Comment