လူပေါင်း ၂၀၀ ကျော်ကို HIV ကူးစက်စေခဲ့သော ကမ္ဘောဒီးယား ဆရာဝန်ကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်
-------------------------------
ဖနွမ်းပင်၊ ဒီဇင်ဘာ ၃
တရားဝင် ဆေးကုသခွင့် လိုင်စင်မရှိသော ကမ္ဘောဒီးယား ကျေးလက်ဆရာဝန်တစ်ဦးက လူပေါင်း ၂၀၀ ကျော်ကို HIV ကူးစက်စေခဲ့ပြီး အချို့သေဆုံးသွားကြပြီ ဖြစ်ရာ အဆိုပါ ဆရာဝန်ကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဆင်းရဲနွမ်းပါးမှု ပမာဏ ကြီးမားသော ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ အလွန်ဆိုးဝါးနေပြီ ဖြစ်ကြောင်းကို ယင်းဖြစ်ရပ်က မီးမောင်းထိုးပြနေသည်။
အသက် ၅၅ နှစ်အရွယ် ဆေးကုသူ ယမ်ချရိုရမ်သည် ထောင်ဒဏ်တစ်သက်မျှ ကျခံရတော့မည် ဖြစ်ပြီး ယခင်က ၎င်းကို စွဲချက်တင်ထားသော လူအမြောက်အမြား သတ်မှုကိုမူ တရားရုံးက လျှော့ချပေးခဲ့ကြောင်း ၎င်း၏ ရှေ့နေက ပြောကြားခဲ့သည်။
“ကျွန်တော့်အမှုသည်က သူဟာ အပြစ်မရှိကြောင်း ဆက်လက်ပြောကြားထားဆဲ ဖြစ်ပါတယ်” ဟု တရားခံဘက်မှ ရှေ့နေ အမ်ဆိုဗမ်က AFP သတင်းဌာနကို ပြောကြားခဲ့သည်။
“သူက ဆက်ပြီး အယူခံဝင်မယ်ဆိုရင် ကျွန်တော် ဆက်လက်ပြီး ကိုယ်စားပြု အမှုလိုက်ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ အနောက်ပိုင်း ဘက်တန်ဘန်းပြည်နယ် ရိုကာကျေးရွာလေးတွင် အခြေစိုက်သော အဆိုပါ ကျေးလက်ဆေးကုခန်း ဆရာဝန်သည် မသန့်ရှင်းသော ဆေးထိုးအပ်များကို ပြန်သုံးခြင်းဖြင့် ဒေသခံများကို ရောဂါကူးစက်စေမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရခြင်း ဖြစ်သည်။
ဆင်းရဲနွမ်းပါးပြီး ဝေးလံခေါင်ဖျား ဒေသတွင် နေထိုင်ရသော ကမ္ဘောဒီးယားပြည်သူ သန်းပေါင်းများစွာသည် ဆေးကုသခွင့်လိုင်စင် မရှိသော ကျေးလက် ရမ်းကုဆရာဝန်များကိုသာ ကျန်းမာရေးကိစ္စ အားကိုးနေကြရသည်။
ကမ္ဘာ့ဘဏ်၏ ကိန်းဂဏန်းများအရ ကမ္ဘောဒီးယားသည် အာရှ၏ အဆင်းရဲဆုံး သောနိုင်ငံများထဲမှ တစ်ခုဖြစ်ကာ ပြည်သူအယောက် တစ်သိန်း အတွက် ဆရာဝန် ၀ ဒသမ၂ ဦးသာ ပျမ်းမျှခြင်းရှိကာ အာဖဂန်နစ္စတန်နှင့် အဆင့်တူ ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေတစ်သိန်း အတွက် ဆရာဝန် ၀ ဒသမ ၄ ရာခိုင်နူန်းသာ ရှိကာ ပြင်သစ်တွင် လူနာတစ်သိန်းလျှင် ဆရာဝန် ၃ ဒသမ ၂ ဦးက ပြုစုစောင့်ရှောက်ပေးလျက် ရှိသည်။
ကမ္ဘောဒီးယား ကျေးလက်ဒေသရှိ လိုင်စင်မဲ့ ဆေးကုသသူအချို့သည် ဆေးပညာကို စမ်းတဝါးဝါး ကိုယ့်ဘာသာကိုယ် လေ့လာကြသူများ ဖြစ်ကြသည်။
No comments:
Post a Comment