ရက်ပိုင်းအတွင်း အခေါက်ရွှေဈေး ကျပ်တစ်သောင်းခွဲနီးပါး ကျဆင်း
--------------------------
ရန်ကုန်၊ ဒီဇင်ဘာ ၃
ကမ္ဘာ့ရွှေဈေး ကျဆင်းနေခြင်းကြောင့် ပြည်တွင်းအခေါက်ရွှေဈေးမှာ ယခုရက်ပိုင်းအတွင်း တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းခွဲနီးပါး ကျဆင်းကြောင်း ရွှေဘုံသာ အခေါက်ရွှေဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။
“ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးကျလို့ လိုက်ကျနေတာပါ။ ဒေါ်လာဈေးပါ ကျမယ်ဆို ဆက်ပြီးကျနိုင်တဲ့ အလားအလာ ရှိပါတယ်” ဟု တိတ်စိန်ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောဆိုသည်။
ရွှေဈေးကျဆင်းခြင်းကြောင့် ရွှေလက်ကားဈေးကွက် အတွင်း ရွှေဝယ်ယူ စုဆောင်းသူများ လာရောက်ဝယ်ယူသည့် အတွက် အခေါက်ရွှေ ဝယ်လိုအား မြင့်တက်ကြောင်း ရွှေကုန်သည်များက ပြောကြားသည်။
ဒီဇင်ဘာလ ၃ ရက်တွင် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၃၁,၅၀၀ ကျပ်၊ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၀၅၃ ဒေါ်လာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့က ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သား လျှင် ၇၄၆,၀၀၀ ကျပ်၊ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၀၆၉ ဒေါ်လာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
No comments:
Post a Comment