Saturday, December 5, 2015

မိုးကုတ်တွင် ခြိမ်းခြောက်ငွေတောင်းသူ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်သုံးဦးကို ခုံရုံးဖွဲ့ စစ်ဆေး

မိုးကုတ်တွင် ခြိမ်းခြောက်ငွေတောင်းသူ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်သုံးဦးကို ခုံရုံးဖွဲ့ စစ်ဆေး

မိုးကုတ်၊ ဒီဇင်ဘာ ၎

နေအိမ်အတွင်းဝင်ရောက်လာပြီး လက်ထိတ်ပြ ခြိမ်းခြောက်ငွေတောင်းခဲ့သော ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် သုံးဦးကို မတ္တရာမြို့နယ် ရဲတပ်ဖွဲ့မှူးဦးဆောင်ကာ ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း ခေတ္တ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆန်းဦးက ပြောကြားသည်။

မိုးကုတ်မြို့နယ် ပိန်းပြစ်ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင် သုံးဦးသည် နိုဝင်ဘာလ ၁၈ ရက်နေ့ ညက နေအိမ်အတွင်း ဝင်ရောက်လာပြီး ငွေ သိန်း ၅၀ ခြိမ်းခြောက်တောင်းယူသွားခဲ့ကြောင်း တိုင်ကြားရာမှ ထိုသို့ စစ်ဆေးနေခြင်းဖြစ်သည်။

ခြိမ်းခြောက်ခံရသော မိသားစုဝင်နှစ်ဦးက တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ပြီး ပြန်လာပြီးနောက် ထိုသို့ခြိမ်းခြောက်ငွေတောင်းခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များ က ဒီဇင်ဘာ ၃ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် ရှင်းပြခဲ့သည်။

“ငါတို့ကိုသိန်းတစ်ရာပေး၊ မပေး ရင်ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်း ပါတယ်။  ဦးဗိုလ်လေးရယ်သမီးတို့မှာ အဲဒီလောက် မကျန်တော့ဘူး ပြောလို့ သူတို့အပြင် ခဏထွက်သွားပြီး ဘယ်လောက်ကျန်လဲ မေးတဲ့ အတွက် သိန် ၅၀ ပဲကျန်တော့တယ်လို့ ပြောလို့ အဲဒီသိန်း ၅၀ ယူခဲ့ လို့ပြောပြီးယူသွားပါတယ်”ဟု ကာယကံရှင် ဒေါ်နီနီဝင်းက ပြောသည်။

ယင်းနောက် ထိုကိစ္စကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့ပြီးနောက် ငွေကျပ် သိန်း ၂၀ ပြန်လာပေးသော်လည်း လက်မခံခဲ့ဘဲ နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အပါအဝင် သက်ဆိုင်ရာ အဆင့်ဆင်ကို တိုင်ကြားခဲ့ကြောင်း ၎င်းကဆိုသည်။

စခန်းမှူး ဒုရဲအုပ် ခင်မောင်ဌေးနှင့် အဖွဲ့ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေစဉ်ကာလအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူး၏ အမိန့်အရ ၎င်းတို့ကို မိုးကုတ်အချုပ်ထောင်တွင် ထိန်းသိမ်းထားကြောင်း ဦးဆန်းဦးကဆိုသည်။

No comments: