ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကိုချီးကျူး
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတို့ တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ မနေ့က ဒီဇင်ဘာ (၄) ရက် နေ့လည် (၂) နာရီက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က အတည်ပြု ပြောပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်အမြစ်တွယ်ရေးကိုအားပေးထောက်ခံအားပေးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုကြောင်းတွေကို ပြောခဲ့တယ်လို့ NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
"ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အစိုးရအဖွဲ့မှာရော၊ တပ်မတော်မှာပါ အထိုက်အလျောက် သြဇာရှိတယ်လို့ ယုံကြည်ထားတာ၊ အဲ့ယုံကြည်ချက်ပေါ် မူတည်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုသွားတွေ့တာပါ၊ သွားတွေ့တဲ့အခါမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရော၊ ဒေါ်အောင်ဆန်း စုကြည်ရော နောင်အနာဂတ် မြန်မာနိုင်ငံကို ဒီမိုကရေစီအမြစ်တွယ်ရေးနဲ့ ပါတီစုံဒီမိုကရေစီ စနစ်အောင်မြင်ဖို့လဲ အဲ့ကိစ္စတွေဆွေးနွေးတယ်ဆိုတာကို ကျနော်တို့ကိုရှင်းပြပါတယ်၊ နောက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ပုံကိုင်ပုံတွေ၊ ပြတ်သားပုံတွေကိုအသိအမှတ်ပြုတဲ့ အကြောင်း အဲ့ဒါတွေ ပါတာပေါ့ဗျာ"
အဲဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံအသွင်ကူပြောင်းရေးအတွက် အဓိကကျပြီး ပိုမိုအဆင်ပြေချောမွေ့မယ်လို့ ယုံကြည်ကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ နေရွေးသွေးအောင်နဲ့လည်း ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၉) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်က နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။
(၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံသည့်ပုံ။ ဓါတ်ပုံ AFP)
No comments:
Post a Comment