Tuesday, December 8, 2015

ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာအပါအဝင် အရှေ့တောင်အာရှ၌ စီးပွားရေးအရ ဆုံးရှုံးနိုင်ခြေပိုရှိ

ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာအပါအဝင် အရှေ့တောင်အာရှ၌ စီးပွားရေးအရ ဆုံးရှုံးနိုင်ခြေပိုရှိ

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသနိုင်ငံများသည် ရာသီဥတုဖောက်ပြန်နေခြင်းကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ခြင်းမရှိပါက စီးပွားရေးအရဆုံးရှုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က သတင်းထုတ်ပြန်သည်။

ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများအရ စီးပွားရေးအရ ဆုံးရှုံးနိုင်ခြေသည် ယခင်ခန့်မှန်းထားမှုထက် ၆၀ ရာခိုင်နှုန်းကျော် ပိုမိုဆိုးရွားစွာဆုံးရှုံးနိုင်ခြေရှိနေသဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်အရေးတကြီးလိုအပ်နေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျှော့ချနိုင်မယ်ဆိုရင် အရှေ့တောင်အာရှဒေသတွေမှာ အဆိုးရွားဆုံးစီးပွားရေးဆုံးရှုံးမှုကိုရှောင်ရှားနိုင်လိမ့်မယ်” ဟု ADB မှ Chief Economist Mr.Shang Jin Wei က ဆိုသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်မှု အဆိုးရွားဆုံးနိုင်ငံများစာရင်းတွင် နံပါတ်နှစ်နေရာသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးခြင်းနှင့် သဘာဝသယံဇာတအလွန်အကျွံထုတ်ယူခြင်းတို့ကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းအစရှသည့် သဘာဝဘေးအန္တရာယ်များ ဆက်လက်ကြုံတွေ့ရဖွယ်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက ပြောသည်။

“ဒီနေ့ကမ္ဘာကြီးမှာGlobal Issue က ရာသီဥတုပြောင်းလဲတာဖြစ်နေတယ်။ သုတေသနပညာရှင်တွေတွက်ချက်မှုအရ စစ်သုံးစရိတ်ထက် သဘာဝပတ်ဝန်းကျင်ကြောင့်ပျက်စီးတာတွေ၊ လူတွေသေဆုံးမှာတွေကပိုများနေတယ်။ မြန်မာနိုင်ငံမှာလည်းပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတွေသာဓကရှိနေတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအရှိန်အဟုန်နဲ့လုပ်သင့်နေပြီ”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေဝီသန့်စင်က ပြောဆိုသည်။

ကမ္ဘာ့လေထုအတွင်းဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏမြင့်မားခြင်းကြောင့် အပူချိန်များမြင့်တက်လာခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းတို့ဖြစ်ပေါ်လာနေကြောင်း၊ ထို့ပြင်ဒေသတွင်း၌ စီးပွားရေးအင်အားကြီးသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် ကမ္ဘာလုံးဆိုင်ရာလေ့လာမှုအရ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ၉၀ ရာခိုင်နှုန်းရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏သုတေသနပြုလေ့လာချက်များအရ သိရသည်။

No comments: