အကျဉ်းထောင်များတွင် လူ့အခွင့်အရေး ဆုံးရှုံးနေသည်ဟု သိရှိရပြီး ယင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအနေဖြင့် လက်ကျန် သက်တမ်းကာလအတွင်း သွားရောက် စစ်ဆေးရန် အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က တိုက်တွန်း ပြောကြားသည်။
ဒီဇင်ဘာ ၁ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုပါ ကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ဆွေးနွေးစဉ် ဦးခိုင်မောင်ရည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ အခွင့်အရေး အားနည်းနေတာကို ကော်မတီအနေနဲ့ ထောက်ပြဖို့လိုပါ တယ်။ ကျွန်တော်တို့ ကြားနေရတယ်။ မြင်းခြံထောင်မှာဆိုရင် လူ့အခွင့်အရေး ဆုံးရှုံးနေတယ်။ ထောင်တွေမှာ လူ့အခွင့်အရေး ဆုံးရှုံးမှု ရှိ၊ မရှိကို ကော်မတီအနေနဲ့ ကွင်းဆင်း ဆောင်ရွက်တဲ့အခါမှာ ရောက်ခဲ့လား မရောက်ခဲ့ဘူးလားဆိုတာ အစီရင်ခံစာမှာမတွေ့ရပါဘူး။ ကျွန်တော့်အနေနဲ့တော့ သွားစေချင်ပါတယ်။ ကျန်သေးတဲ့ ကာလတွေမှာ သွားပြီးတော့ ဆောင်ရွက်စေလိုပါတယ်။ မီဒီယာသမားအချို့ဟာ ဘုရားမှာ ဆုတောင်းပွဲပြုလုပ်ရာမှ အဖမ်းခံထားရတယ်။ တရားစွဲဆို ခံထားရတယ်ဆိုတာ သိရပါတယ်။ စစ်ဘေးရှောင်စခန်း အသီးသီးမှာရှိတဲ့ နိုင်ငံသားများဟာ တန်းတူညီမျှ အခွင့်အရေး ဆုံးရှုံးနေကြရတယ်လို့ သိရပါတယ်”ဟု ဦးခိုင်မောင်ရည်က ပြောကြားသည်။
ထို့အပြင် မီဒီယာများ၊ ကျောင်းသားများ တရားစွဲဆိုခံထားရခြင်း၊ ထောင်ကျခံနေရခြင်းတို့ကိုလည်း ကော်မတီအနေဖြင့် လွှတ်တော်၏ အားကိုယူကာ အစိုးရကို တိုက်တွန်းရန်လည်း ဦးခိုင်မောင်ရည်က ပြောကြား သည်။
ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက အစီရင်ခံစာကို နိုဝင်ဘာ ၂၃ ရက် လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။
အဆိုပါ ကော်မတီသို့ ရောက်ရှိလာသည့် တိုင်စာများတွင် မြေယာကိစ္စ၊ အိုးအိမ်ကိစ္စများ၊ ပြစ်မှုဆိုင်ရာ မှုခင်းကိစ္စများ စသည်ဖြင့် ပါဝင်လျက်ရှိရာ မှတ်တမ်း တင်ထားသင့်သည်များကို မှတ်တမ်းတင်ထားခြင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု ၀န်ကြီးဌာနများသို့ ပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအနေဖြင့် တိုင်ကြားစာများ ဆောင်ရွက်ရာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တိုင်စာ/၀င်စာ စုစု ပေါင်း ၃၈၀၈ စောင်ရှိပြီး အစိုးရအဖွဲ့သို့ ပေးပို့စာ ၃၂၇၃ စောင်၊ တရားလွှတ်တော်ချုပ်သို့ ၁၀၈ စောင်၊ ၀န်ကြီးဌာနသို့ ပေးပို့စာ ၁၂၀ နှင့် ဆောင်ရွက်ရန် မလိုသည့်စာ ၃၀၇ စောင် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
တိုင်စာ၊ ၀င်စာများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ရုံးမှ ပြန်ကြားစာ ၄၇၈ စောင်၊ တရားလွှတ်တော်ချုပ်ရုံးမှ ပြန်ကြားစာ ၆၀၊ ကာယကံရှင်ထံ ပြန်ကြားစာ ၉၄ စောင် ပြီးစီးမှုပေါင်း ၃၅၀၁ စောင်ရှိပြီး ကော်မတီ၌ ဆောင်ရွက်ရန် ကျန်ရှိခြင်း မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒီမိုကရေစီ တူဒေး
No comments:
Post a Comment