ရက္ခိုင့်တပ်မတော်အား စစ်ဆင်ရေး ပြုလုပ်ရာတွင် ကူညီရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို
ဒီဇင်ဘာလ ၄ ရက်၊ ၂၀၁၅
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့ ဒေ၀ါနဒီခန်းမတွင် ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ် ခဲ့သော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲတွင် ရက္ခိုင့်တပ်မတော် အား ပြုလုပ်နေသည့် စစ်ဆင်ရေးတွင် မြန်မာဘက်မှ ပူးပေါင်း ကူညီရန် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့သည်ဟု သိရသည်။
“သူတို့ဘက်က တင်ပြတဲ့အထဲမှာ ဘင်္ဂလားဒေ့ရှ် စစ်တကောင်း တောင်တန်းနယ်မှာ အေအေ (ရက္ခိုင့် တပ်မ တော်) က ရန်နိုင်စိုးကို ဖမ်းမိတဲ့ကိစ္စ၊ ပြီးရင် အေအေနဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ ၀င်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးတဲ့ နောက်ပိုင်းမှာ စစ်ဆင်ရေးလုပ်တဲ့ ကိစ္စ၊ ဆက်လက် လုပ်မယ့် စစ်ဆင်ရေးမှာ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို တင်ပြခဲ့ပါတယ်” ဟု အမည် မဖော်လိုသူ အစည်းအဝေး တက်ရောက်ခဲ့သည့် အစိုးရ ၀န်ထမ်းတစ်ဦးက MID NEWS သို့ပြောသည်။
အဆိုပါ အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အနေဖြင့် များမကြာမီ အချိန်အတွင်း အေအေ (ရက္ခိုင့် တပ်မတော်) အား စစ်ဆင်ရေး ဆက်လက် ပြုလုပ်ရန် အစီအစဉ်များ ရှိကြောင်းကိုလည်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။
၎င်းအစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး နယ်စပ်နှင့် သက်ဆိုင်သော အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အစည်းအဝေးတွင် အချက်အလက် အများအပြားကို နှစ်ဖက် တပ်မှူးများ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူခဲ့သည့် အချက်များတွင် အပြန်အလှန် သတင်းဖလှယ်ရေး ကိစ္စ၊ မူးယစ်ဆေးဝါး ပူးပေါင်း နှိမ်နှင်းရေး ကိစ္စ၊ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်နေသော ဓါးပြများ နှိမ်နှင်းရေး ကိစ္စ၊ တောတွင်း လက်နက်ကိုင်အဖွဲ့များ ကိစ္စနှင့် ကုန်သွယ်ရေး ကိစ္စတို့ ပါဝင်သည်ဟု သိရသည်။
ယင်းအစည်းအဝေးသို့ မြန်မာဘက်မှ အမှတ် (၁) နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးချုပ် တင်ကိုကို ဦးဆောင်သော ကိုယ်စားလှယ် ၂၀ ဦး တက်ရောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ စစ်တကောင်း တပ်နယ် တပ်မှူး ဦးစီးသော ကိုယ်စားလှယ် ၂၆ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
MID News
No comments:
Post a Comment