အရင်အစိုးရလက်ထက်က ခွင့်ပြုထားပြီးဖြစ်တဲ့ အထပ်မြင့်
ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်ခိုင်းလိုက်တဲ့အပြင် အထပ်နိမ့်
တွေပါ မူသစ်မရှိသေးလို့ စည်ပင်ဘက်က လက်မခံနိုင်သေးတဲ့ အခြေ
အနေကြောင့် ဆောက်လုပ်ရေးလောကကြီးတစ်ခုလုံး မေလ (၁၅) ရက်
ကစပြီး အမှောင်ချလိုက်ပါပြီ။ ဘိုလိုပြောမယ်ဆိုရင်တော့
construction breakdown ပေါ့ဗျာ။
တာဝါကရိန်းထိုးထိုးထောင်ထောင်နဲ့ ကောင်းကင်တမွတ်
ကြယ်ကိုဆွတ်ဖို့အားယူနေတဲ့ အထပ်မြင့် အဆောက်အအုံတွေ၊
ဒီအဆောက်အအုံတွေကို ဆောက်ဖို့အတွက် ငွေကြေးအင်အား၊
အတတ်ပညာ၊ ဘဏ်ချေးငွေတွေ ၊ စိတ်ကူးစိတ်သန်းတွေနဲ့ အားထည့်
မြုပ်နှံထားကြတဲ့ လုပ်ငန်းရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ကန်ထရိုက်တာ
တွေ၊ အခြေခံအလုပ်သမားတွေရဲ့မျှော်လင့်ချက် စိတ်ကူးစိတ်သန်းတွေ
မေလ(၁၅)ရက်မှာ လုပ်ငန်းရှင်တွေဆီကိုပို့လိုက်တဲ့ အမိန့်စာတစ်စောင်
ကြောင့် ရေစုန်မျောသွားပါပြီ။ အထပ်မြင့်တွေရပ်ခိုင်းလိုက်တယ်၊
အထပ်နိမ့်တွေ ခွင့်မပြုသေးဘူး မူမရှိသေးလို့၊ ရန်ကုန်မှာ အဆောက်
အအုံ ထောင်သောင်းနဲ့ချီရှိတာ အခုရပ်ခိုင်းလိုက်တဲ့ အဆောက်အအုံ
(၂ဝဝ)လောက်နဲ့ ဘာမှပြဿနာမရှိနိုင်ဘူးဆိုတဲ့ တွက်ဆချက်နဲ့လား
ဘယ်လို စိတ်ကူးနဲ့လုပ်သလဲဆိုတာ မှန်းဆရခက်ပေမယ့် သေသေ
ချာချာပြောနိုင်တာတစ်ခုကတော့ အဆောက်အအုံတစ်လုံးဖြစ်လာဖို့
အတွက် သူနဲ့ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေဖြစ်တဲ့ အသင့်ဖျော်
ဘိလပ်မြေလုပ်ငန်းတွေ၊ ပိုင်ကုမ္ပဏီတွေ၊ လုပ်ငန်းခွဲ ကန်ထရိုက်၊
ဆောက်လုပ်ရေးပစ္စည်း တင်သွင်းရောင်းချသူတွေ၊ ယုတ်စွအဆုံး
မြစ်ဆိပ်ချောင်းကမ်းမှာ သဲကျောက်စရစ်ထမ်းတဲ့လူတွေအထိ လုပ်ငန်း
တွေ ရပ်နားရတဲ့ဘဝကို ရောက်နေပါပြီ။
သင်္ကြန်မဏ္ဍပ်ကိစ္စ၊ ကွမ်းယာကိစ္စ၊ စား သောက်ကုန်ဈေးနှုန်း
တက်လာတဲ့ကိစ္စ၊ ကျုးကျော် ကိစ္စ၊ စက်မှုဇုန်မြေကွက်ပြန်သိမ်းမယ့်
ကိစ္စ၊ မဘသ ဘုန်းကြီးတွေနဲ့ ရန်ဖြစ်နေတဲ့ ကျွန်တော်တို့ ကွီးဖြိုးဟာ
အခုနောက်ဆုံးမှာ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေကို
ပြန်စိစစ်ဖို့ အကြောင်းပြချက်နဲ့ ဆောက်လက်စ အဆောက်အအုံတွေ
ကိုပါ ရပ်ခိုင်းထားလိုက်ပြန်ပါပြီ။မြန်မာနိုင်ငံမှာ တိုင်းနဲ့ ပြည်နယ်(၁၄) ခု
ရှိတဲ့အထဲမှာမှာ စီးပွားရေးမြို့တော် ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်း
မှာပဲ ပြဿနာတွေတက်နေတာဖြစ်ပါတယ်။ နိုင်ငံတကာမှာ အခြေခံ
လူတန်းစားတွေ အလုပ်အကိုင်ရရှိဖို့အတွက် အဆောက်အအုံဟောင်း
တွေဖြို အသစ်ပြန်ဆောက်လိုဆောက်၊ စီမံကိန်းသစ်တွေ ရှာကြံ
အကောင်အထည်ဖော်ပြီး အလုပ်တွေဖန်တီးပေးဖို့စဉ်းစားနေချိန်မှာ
ကျွန်တော်တို့ ရွှေပြည်ကြီးကတော့ ထူးထူးဆန်းဆန်းပဲ ဆောက်နေတဲ့
အဆောက်အအုံတွေကိုတောင် ရပ်ခိုင်းလိုက်တဲ့အထိ ရွှေဥာဏ်တော်
စူးရောက်ခဲ့ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍရဲ့အရေးပါမှုကို တကယ်ပဲ
မသိတာလား၊ မသိချင်ယောင်ဆောင်ပြီး သိသိကြီးနဲ့ တမင်တကာ
ရပ်တန့်စေတာလား ဆိုတာကတော့ စာရေးသူ ဥာဏ်မမီလို့
မသိပါခင်ဗျာ။
အစိုးရသစ်တစ်ရပ်ဖြစ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် ယခင်
အစိုးရဟောင်းဆီကနေ ကောင်းမွေဆိုးမွေတွေကို နောက်တက်
လာမယ့်အစိုးရက ဆက်ခံယူရမှာဖြစ်ပါတယ်။ မကောင်းတဲ့ အတွေး
အခေါ် မကောင်းတဲ့လုပ်ရပ်တွေကို သင်ခန်းစာယူပြီး ရှေ့ဆက်မမှားဖို့
ရှောင်ကြဉ်ရမှာဖြစ်သလို၊ ကောင်းတဲ့လုပ်ကွက်ကလေးတွေရှိရင်လည်း
ဆတက် ထမ်းပိုးပိုကောင်းလာအောင်လို့ မူဝါဒသစ်တွေချမှတ်ဖို့
လိုပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာတော့
အစိုးရသစ်တက်ပြီး ရက်(၁ဝဝ) အတွင်းမှာကို အင်မတန် ထူးဆန်းတဲ့
ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပါတယ်၊ သတင်းစာ၊ ဂျာနယ်
သမားတွေအတွက်ကတော့ အစိုးရက မကြာခဏ ထူးထူးဆန်းဆန်း
လေးတွေလုပ်ပြနေတဲ့အတွက် သတင်းစာစောင်ရေတက်လာတာတော့
အမှန်ပဲဖြစ်ပါတယ်။ ရက် (၁ဝဝ) အတွင်းမှာ အခြေခံလူတန်းစားတွေ
အတွက် ကုန်ဈေးနှုန်းတွေတက်လာတဲ့ဒဏ်ကို ပိုပိုပြီးခံစားလာရသလို
ခေတ်အဆက်ဆက်မှာ ပြည့်ဝမ်းစာလို့ခေါ်တွင်ခဲ့တဲ့ သူဌေးသူကြွယ်
တွေရဲ့စီးပွားရေးကိုပါ တုတ်နဲ့ထိုးတဲ့အပေါက်တွေ လုပ်လာတာကြောင့်
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ဆက်စပ်လုပ်ငန်းခွင်တွေမှာလုပ်ကိုင်
နေတဲ့ ပြည်သူသုံးသောင်းလောက် အလုပ်လက်မဲ့ဖြစ်နေပြီလို့ ဇူလိုင်လ
(၂၁) ရက်နိုဗိုတယ်ဟိုတယ်မှာကျင်းပခဲ့တဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်
တွေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လုပ်ငန်းရှင်ကြီး ဦးမျိုးမြင့်က
ပြောခဲ့ပါတယ်။ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွက်
မြေကြီးလုပ်ငန်းအဆင့်မှာတင် တချို့ဆိုက်တွေမှာ အလုပ်သမား
အယောက် (၃ဝဝ)၊ အယောက် (၅ဝဝ) လောက်ထိရှိပါတယ်၊
ဆောက်လက်စ ဆိုက်ကြီးတွေမှာဆို အလုပ်သမားက အနည်းဆုံး
(၁၅ဝဝ) နဲ့ (၂ဝဝဝ) လောက်ထိရှိတဲ့အတွက် ညနေအလုပ်သိမ်းချိန်
ဆိုရင် ထွတ်လာတဲ့ အလုပ်သမားတွေနဲ့တင် လမ်းမတွေပေါ်မှာ ပွဲတော်
ကြီးအလား ထင်မှတ်ရပါတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ
ပျမ်းမျှလုပ်သားအင်အား (၃ဝဝ) နဲ့ တွက်မယ်ဆို၇င် ဆိုက်ပေါင်း (၂ဝဝ)
ဆိုရင် အနည်းဆုံး လူခြောက်သောင်းလောက် အလုပ် လက်မဲ့ဖြစ်နေပြီ
ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ စည်းမျဉ်းစည်းကမ်းနှင့်အညီ
ဆောက်၊ မဆောက်အကဲဖြတ်စိစစ်မယ်ဆိုပြီး အထပ်မြင့်ဆောက်လုပ်
ရေးလုပ်ငန်းများ ရပ်ခိုင်းထားခဲ့သလို စိစစ်ပြီးအဆောက်အအုံတချို့
အတွက် ထွတ်လာတဲ့ဆုံးဖြတ်ချက်ကလည်း ဆောက်လက်စတိုက်တွေ
အထပ်လျှော့ရ၊ ခွင့်ပြုချက်အသစ်ပြန်တင်ရ ဖြစ်ကုန်လို့ ပြဿနာတွေ
တက်ကုန်ကြပါတယ်။ လုပ်ငန်းရှင်တစ်ယောက်ဆိုရင် သူဆောက်မယ့်
(၂၇)ထပ် အဆောက်အအုံအတွက် ယခင်အစိုးရ လက်ထက်မှာ
ကတည်းက အကြိမ်ကြိမ်ဒီဇိုင်းရေးဆွဲခိုင်းလို့ ဒေါ်လာနှစ်သန်းနီးနီး
လောက် ကုန်ကျပြီးဖြစ်နေပါပြီလို့ ဆိုပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆေးရုံတစ်ရုံ လွှတ်တော်ကရပ်ခိုင်းသည့် ဂယက်
ကလည်း ပူပူနွေးနွေးဖြစ်ထားတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
မဆိုထားနဲ့ ပြည်တွင်းကလုပ်ငန်းရှင်တွေတောင် လုပ်လက်စအလုပ်
မဟုတ်ရင် ပြည်ပထွက်ပြီး လုပ်ချင်လုပ် မလုပ်ချင်ရင် အခြေအနေ
စောင့်ကြည့်နေကြတဲ့ အခြေအနေရောက်နေပါပြီ။
အထပ်မြင့်အဆောက်အအုံတစ်ခုမဆိုထားနဲ့ သာမန်ကန်ထရိုက်တိုက်
ရှစ်ထပ်လောက်ကိုတောင် စာရွက်စာတမ်း အဆင့်ဆင့်ဖြတ်သန်းရတာ၊
ခွင့်ပြုချက် အကြိမ်ကြိမ်ယူရတာကြောင့် အနည်းဆုံး အချိန်တစ်နှစ်ခွဲ
လောက်ကြာပါတယ် အရင်အစိုးရလက်ထက်က စည်ပင်လူကြီးတွေ၊
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ လက်ထက်မှာ အစိုးရ
အဖွဲ့အစည်းအဝေးတွေနဲ့ ခွင့်ပြုထားခဲ့တဲ့ ဆောက်လုပ်ခွင့်ပါမစ်တွေ
မရိုးသားဘူးလို့ အခုအစိုးရကထင်မြင်ယူဆရင် ခွင့်ပြုပြီး ဆောက်နေ
တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို လိုက်စစ်နေသလို ဒီလူဟောင်း
ကြီးတွေကိုပါ ပြန်လည်ခေါ်ယူ မစစ်ဆေးသင့်ဘူးလား ။
စဉ်းစားစရာတွေ အများကြီးရှိပါတယ်။
အဆောက်အအုံ (၂ဝဝ)ကျော်ဖြစ်တဲ့အတွက် ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေက ခန့်မှန်းတွက်ချက်ထားတာကတော့ အနည်းဆုံး
အမေရိကန် ဒေါ်လာ (၄) ဘီလီယံကနေ (၅)ဘီလီယံအထိ နစ်နာမှု
ရှိလာနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် လုပ်ငန်းရှင်တွေပြောထားတဲ့
အတိုင်းဖြစ်လာမယ်ဆိုရင် နိုင်ငံစီးပွားရေးရဲ့ထက်ဝက်ကျော် ပမာဏ
ရှိတဲ့ငွေကြေးတွေ ဆုံးရှုံးနစ်နာကြမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေး
လုပ်ငန်းတွေ တော်တော်များများရဲ့ငွေကြေးတွေ ဘယ်ကလာသလဲလို့
မေးရင် ဘဏ်တွေဆီကလာပါတယ်၊ ဒီဘဏ်တွေရဲ့ ပိုက်ဆံကရော
ဘယ်သူ့ပိုက်ဆံတွေလဲ၊အဖြေကရှိပြီးသားဖြစ်ပါတယ်။ဘဏ်လောက
က လူတွေ တော်တော်များများကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်း
ထုတ်ပြန်တာမရှိသလို ငြင်းဆန်နေကြတာ များပါတယ်၊ ပြည်တွင်း
ဘဏ်တွေနဲ့ ငွေများများယူဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်
တွေအကြားက မမြင်ရတဲ့ကိစ္စလေးတွေကတော့ တော်ရုံတန်ရုံ လူမသိ
နိုင်ပါဘူး၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အကြွေးမဆပ်နိုင်လို့ ကိုယ့်
ကိုယ်ကိုယ်သတ်သေတာ၊ထွတ်ပြေးတာ၊ဒေဝါလီခံတာတွေ ဖြစ်လာရင်၊
မဖြစ်သေးပေမယ့် ဖြစ်လာခဲ့လို့ ရှိရင် ကျိန်းသေပေါက် ဘဏ်တွေလည်း
ထိခိုက်မှာဖြစ်ပါတယ်။ အမေရိကန်လို ကမ္ဘာ့ထိပ်သီးစီးပွားရေးနိုင်ငံက
ဘဏ်တွေတောင် ဆောက်လုပ်ရေးလောကပြိုလဲသွားရင် သူတို့ပါ
ကျဆုံးသွားတတ်တဲ့ သီအိုရီကြောင့် နိုင်ငံခြားဘဏ်တွေလောက်
ငွေကြေးအင်အားမတောင့်တင်းတဲ့ ကျွန်တော်တို့ ပြည်တွင်းက
ဘဏ်တွေကကော ဘယ်လောက်တောင့်ခံနိုင်မလဲ၊ ဆောက်လုပ်ရေး
လုပ်ငန်းရှင်အချို့ ဘဏ်ကြွေးမဆပ်နိုင်လို့ ရေရှည်မှာဒေဝါလီခံဖို့အထိ
ဖြစ်လာနိုင်တယ်ဆိုပြီးနိုဗိုတယ်ပွဲမှာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက
သုံးသပ်ထားတာကလည်း သေသေချာချာတွေးကြည့်ရင် ဖြစ်မလာနိုင်
ဘူးလို့ ဘယ်သူမှ ကံသေကံမ အာမမခံနိုင်တဲ့ ယနေ့မြန်မာ့စီးပွားရေး
အခင်းအကျင်းများဖြစ်နေပါတယ်။ ထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီး
လည်း ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးလည်းဖြစ်တဲ့ ဇေကမ္ဘာ
ဦးခင်ရွှေကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေပြိုကွဲမယ့် အရိပ်
လက္ခဏာတွေကို တွေ့မြင်နေရတဲ့အတွက် အစိုးရအနေနဲ့ ပညာရှင်
တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းတိုင်ပင်ပြီး စီးပွားရေးအမြင်
ရှိရှိနဲ့ နိုင်ငံတကာက မြို့ကြီးတွေကိုအတုယူပြီး တည်ဆောက်ဖို့လိုတယ်
လို့လည်း မီဒီယာတွေမှာ အကြံပြုထားပြီးဖြစ်ပါတယ်။ ဒီအခြေအနေ
ဆိုးတွေကနေရုန်းထွက်ဖို့အတွက် အရင်အစိုးရလက်ထက် ခွင့်ပြုထား
ပြီးတဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ခွင့်ပေးဖို့၊ စစ်ဆေးထား
ပြီးတဲ့ အဆောက်အအုံတွေကို မူလအတိုင်း ပြန်လည်ခွင့်ပြုပေးဖို့
လုပ်ငန်းရှင်တွေဘက်ကလိုလာသလို တချို့လုပ်ငန်းရှင်တွေကလည်း
အသနားခံစာတင်ထားတယ်လို့ ပြောကြပါတယ်၊ အစိုးရတာဝန်ယူတဲ့
ဧပြီလ(၁)ရက်နေ့နောက်ပိုင်းလာတင်တဲ့ အဆောက်အအုံတွေကိုတော့
အခုအစိုးရမူနဲ့ လုပ်ဖို့သင့်တယ်လို့ အကြံပြုကြပါတယ်၊ အရင်အစိုးရ
လက်ထက်က မူနဲ့လုပ်ထားတဲ့ အဆောက်အအုံတစ်ခုကို အခုအစိုးရ
လက်ထက်မှာမဟုတ်လို့ ပြန် အဆောက်အအုံတစ်ခုကို လေးထောင့်
ပုံစံခွက်နဲ့ ပြန်ပြီး စတုတ်တိုက်သလိုဖြစ်နေလို့ ဆုံးရှုံးမှုများနိုင်တယ်
အပြင်သဘာဝမကျတဲ့ဆုံးဖြတ်ချက်လည်းဖြစ်တယ်လို့ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေက ဆိုထားပါတယ်။ လတ်တလောအခြေအနေမှာ
အစိုးရအသုံးစရိတ် ဘတ်ဂျက်လိုငွေ ကျပ် (၃၉၂၂) ဘီလီယံရှိမည်ဟု
အစိုးရကတရားဝင်ကြေညာထားတဲ့အတွက်ထိုလိုသည့်ငွေကိုမည်သည့်
နည်းလမ်းဖြင့် ဖြည့်မည်နည်း။ ငွေစက္ကူရိုက်မလား။ ရိုက်လျှင်
စီးပွားရေးအပေါ် မည်သို့သက်ရောက်မည်လဲဆိုတာကလည်း မေးခွန်း
ထုတ်စရာဖြစ်လာပါတယ်၊ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေလုပ်ငန်းတွေ
ထိခိုက်နစ်နာမှုရှိပြီးဘဏ်ကြွေးတွေမဆပ်နိုင်ဘူးဆိုရင်တော့ဘူးလေးရာ
ဖရုံဆင့်ပြီး စီးပွားရေးပြိုကွဲဖို့ပိုမိုအရှိန်ကောင်းလာမှာ ဖြစ်ပါတယ်။
အောက်ဆီဂျင်က သူကိုယ်တိုင်မီးမလောင်နိုင်ပေမယ့် မီးလောင်ခြင်းကို
အားပေးနိုင်တဲ့ အစွမ်းရှိတဲ့အတွက် အစိုးရအနေနဲ့ သတိပြုကိုင်တွယ်
တတ်ဖို့ အရေးကြီးပါတယ်။ အစိုးရရဲ့ကိုင်တွယ်ပုံကောင်းရင် ကောင်း
သလို နိုင်ငံရေးတည်ငြိမ်မှုကိုရစေမှာဖြစ်ပြီး စီးပွားရေး တိုးတက်လာမှာ
ဖြစ်ပါတယ်၊လူတိုင်းလည်းပျော်ရွှင်မှုရလာမှာဖြစ်ပါတယ်၊ အစိုးရတစ်ရပ်
ဘယ်လောက်အရည်အချင်းရှိတယ်ဆိုတဲ့ ဒီအစိုးရ တာဝန်ယူတဲ့ကာလ
အတွင်း ဘယ်လောက်စီးပွားရေးတိုးတက်သလဲ၊ နိုင်ငံသားတွေရဲ့
လိုအပ်ချက်တွေကို ဘယ်လောက်ရာခိုင်နှုန်းအထိ ဖြည့်ဆည်းနိုင်သလဲ
ဆိုတဲ့ရလဒ်အပေါ်မှာ တွက်ချက်ကြတာဖြစ်ပါတယ်၊ ပွင့်ပွင့်လင်းလင်း
ပြောရရင်တော့ အစိုးရအရည်အချင်းကို စာမေးပွဲစစ်တဲ့ နည်းတစ်မျိုး
ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အင်အားကြီးတဲ့ ခေါင်းတွဲတစ်ခု
တည်းနဲ့ လိုရာခရီးကို ပြည်သူတွေကို ပို့ဆောင်ဖို့ခဲယဉ်းတဲ့အတွက်
ကြောင့်လည်း နောက်တွဲတွေကလည်း ချောချောမွေ့မွေ့ ချောင်ချောင်
ချိချိ လိုက်လာဖို့အတွက် အရည်အချင်းတွေ ရှိရမှာဖြစ်ပါတယ်။
ရက်(၁ဝဝ)အတွင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးကို နှစ်ဆဖြစ်အောင်
လုပ်မယ်လို့ ပြောခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပေါ်ထွက်ခဲ့သလို၊
ပို့ကုန်ကို သုံးဆအထိမြှင့်တင်ဖို့လုပ်မယ်ဆိုတဲ့ လူကြီးမင်းတွေ
အပြောကြောင့်လည်း စီးပွားရေးသမားတွေ၊ မီဒီယာသမားတွေ
အကြားမှာ တီးတိုး ဝေဖန်မှုတွေ ဖြစ်လာပါတယ်။ သေသေချာချာ
ပြောနိုင်တာတစ်ခုကတော့ မကြာသေးခင်က အမေရိကန်မှာ အိမ်ခြံမြေ
ဈေးကွက်ပြိုကျလို့ ဘဏ်တွေဒုက္ခရောက်ပြီး တစ်ကမ္ဘာလုံး စီးပွားရေး
ကပ်ဆိုက်ချိန်မှာ သမ္မတ အိုဘားမားက အစိုးရငွေထုတ်ပြီး နိုင်ငံအနှံ့
အပြားမှာ ဆောက်လုပ်ရေး စီမံကိန်းကြီးတွေလုပ်ပြီး စီးပွားရေး
ကပ်ဘေးကြီးကို ပြန်လည်ဆွဲထုတ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။
ငွေကြေးဘတ်ဂျက်ကိုင်ထားတဲ့ ဆီးနိတ်လွှတ်တော်၊ ကွန်ဂရက်
လွှတ်တော်နှစ်ရပ်လုံးမှာ သမ္မတအိုဘားမား ကြိုးကြိုးစားစားနဲ့
လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲထိ သွားရောက်ရှင်းပြ
ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်၊ တစ်ကမ္ဘာလုံးက စီးပွားရေး နဂါးတွေ၊
ကျားတွေ ကိုယ်တိုင် အမေရိကန်စီးပွားရေးကျဆင်းတဲ့ကိစ္စမှာ
သမ္မတအိုဘားမား ဘယ်လိုကုစားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့
စောင့်ကြည့်နေခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်၊ အမေရိကန်
စီးပွားရေးကျတာ အချိန်ကြာလာရင်သူတို့ စီးပွားရေးပါထိခိုက်ပြီး
ကျားတွေ ၊ နဂါးတွေပါ ခွက်ဆွဲရမယ့် အခြေအနေ ဖြစ်ပါတယ်။
အင်မတန်ခက်ခက်ခဲခဲနဲ့ သမ္မတ အိုးဘားမားအပါအဝင် အမေရိကန်
ပြည်သူတွေ ကြိုးစားခဲ့တဲ့အတွက် အချိန်တိုအတွင်းမှာ ကျော်လွှား
နိုင်ခဲ့ပါတယ်၊ သူဖြေရှင်းလိုက်တဲ့ နည်းလမ်းကတော့ နိုင်ငံအနှံ့မှာ
ပမာဏကြီးမားတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ အမြောက်အမြား
ဆောက်ပြီး ဖြေရှင်းလိုက်တာဖြစ်ပါတယ်၊ဆောက်လုပ်ရေးလုပ်သားတွေ
အလုပ်ရသွားကြသလို ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ ဘဏ်တွေလည်း
အသက်ရှူချောင်ခဲ့ပါတယ်။ အကျိုးရလဒ်က အမေရိကန် စီးပွားရေး
ပျက်ကပ်ကနေရုန်းထွက်နိုင်ခဲ့ပြီး သမ္မတ အိုဘားမားလည်း နောက်ထပ်
သက်တမ်းတစ်ကြိမ် ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ပြည်သူတွေက
ပြန်လည်ရွေးချယ်လိုက်ကြပါတယ်။ အကျိုးရှိလို့ အကြောင်းဖြစ်တာ
ဖြစ်ပါတယ်။
ရာဇာအောင်
No comments:
Post a Comment