Monday, August 1, 2016

ရန်ကုန်ဝန်ကြီးချုပ်က မဘသ မလိုအပ်တော့ဘူး ပြောတာနဲ့ ရှေ့နောက် မစဉ်းစားတော့ပဲ ဘုန်းကြီးတွေကို ၀ဇီကံအထိခံပြီး ပြောတော့တာကိုး ခင်ဗျာ။

အဲဒီတုန်းက ဘာတစ်ခုမှ မပြောခဲ့တဲ့သူတွေက ခုတော့ လက်ညိုးတထိုးထိုးနဲ့ ဘုန်းတော်ကြီးတွေကို ပစ်ပစ်ခါခါ ပြောကြတာ တွေ့နေရတော့ ဇာဂနာ မရယ်ရတာ ဘာဆန်းလဲခင်ဗျာ။

ဘယ်သူ ငှားလို့မှမရတဲ့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီးမှာ လုပ်ခဲ့တာ။ ပြီးတော့ ၀န်ကြီးတွေ အများကြီး တက်ခဲ့တာ။ ရုပ်သံကနေ တိုက်ရိုက်လွှင့်ခဲ့တာတွေ မမေ့ကြလောက်ပါဘူးနော်။

ဇာဂနာတို့ကတော့ ကြောက်တယ်ခင်ဗျ။ ဆရာတော်များကို မရိုမသေ မပြောရဲပါဘူး။ မျက်မွေးထော်လို့မှ မကြည့်ရဲပါဘူး။ ဦးဖြိုးမင်းသိန်းက ၀န်ကြီးချုပ်ကိုးခင်ဗျ။ ပြောရဲတာပေါ့။ သူ့လိုတော့ ဘယ်ပြောရဲပါ့မတုန်း။

ဒါပေမဲ့ သာသနာရေး ၀န်ကြီးရဲ့သမီးကတော့ ပြောတယ်ခင်ဗျ။ ရေးတယ်ခင်ဗျ။ ၀န်ကြီးချုပ်ကို နားမလည် ပါးမလည် လျှောက်ပြောနေတယ်လို့လည်း ပြောတယ်ခင်ဗျ။

ဇာဂနာတို့ကတော့ ပြောရဲပါဘူး။ ဆွဲစေ့လိုက်မှ ထောင်ထမင်း၊ ထောင်ဟင်း သွားစားနေနေရပါဦးမယ်။ ဒါပေမဲ့ သူ့အဖေ သာသနာရေးဝန်ကြီးက မဟနနဲ့ တွေ့လိုက်ပြန်လေတော့ ကွီးဖြိုးကို ဘာမှ မပြောတော့ပြန်ဘူးခင်ဗျ။ (ရယ်ရလားဟင်)

နောက်တစ်ခါ ပြောရပြန်တော့ ကွီးဖြိုးက ဘတ်စ်ကားတိုးစီးသတဲ့။ အမလေး ဒါလေးပြောတာ ဇာဂနာကို ၀ိုင်းတွယ်ကြပြန်သဗျ။ ဖြစ်ချင်တော့ တွယ်တဲ့လူတွေက သီဟကျွန်းခေါ်တဲ့ စင်္ကာပူကနေ ရေးကြသဗျ။

အော် တိုင်းချစ် ပြည်ချစ် စင်္ကာပူနေ မြန်မာများတို့လည်း ကြောက်ရပါတယ်ခင်ဗျာ။ ဟော ကွီးဖြိုးက ရန်ကုန်သားဆိုတော့ ဘတ်စ်ကားစီးရတာပေါ့။ ဧရာဝတီသား ၀န်ကြီးချုပ်သာဆို လောင်းစီးသင့်တာပေါ့နော။

လှေလောင်းနဲ့ရွေးပေါင်းတင့်တယ်၊ ပျော်စံပယ်တာပေါ့နော်။ မန္တလေးသား ၀န်ကြီးချုပ် ဆရာဇော်ဆိုရင်တော့ ဆိုင်ကယ်စီးသင့်တာပေါ့နော်။

ရှမ်းပြည်နယ်က ၀န်ကြီးချုပ် ကတော့ မြင်းစီးသင့်တာပေါ့နော်။ မြင်းမရတော့ မြည်းဖြစ်ဖြစ် လားဖြစ်ဖြစ် စီးဖို့ကောင်းတယ်ခင်ဗျ။ အသုံးတည့်တာ စီးကြပါခင်ဗျာ။

ဒီတော့ ဇာဂနာ မရယ်ရတာ မဆန်းပါဘူးပေါ့နော်။ ဘာဖြစ်ဖြစ် လုပ်စရာရှိတာ လုပ်ကြပါ။ တစ်ခုခုတော့ ဖြစ်သွားမှာပါခင်ဗျာ။

ဇာဂနာ

No comments: