ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ င၀န်မြစ်၊ ဒုဋ္ဌ၀တီမြစ် စသည့် မြစ်ကြီးလေးစင်းတို့၏ စိုးရိမ်ရေမှတ်ထက်ပိုပြီး ရေဆက် လက်တက်နိုင်သောကြောင့် နိုင်ငံ၏ အနောက်ဘက်ခြမ်းဧရိယာများတွင် နေထိုင်သော ပြည်သူများအနေဖြင့် ပိုပြီး သတိထားရန်လိုအပ်ကြောင်း မိုးလေ၀သ ပညာရှင်ဦးထွန်းလွင်က သတိပေးပြော ကြားသည်။
ယခုကာလ ရေကြီးခြင်းသည် ဒုတိယရေကြီးခြင်းကာလဖြစ်ကြောင်း၊ စက်တင်ဘာ၊ အောက်တိုဘာတို့တွင် တတိယရေကြီးခြင်းကာလ ထပ်မံလာဦးမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး စသည့် အထက်ပိုင်း ဒေသများတွင် မိုးကောင်းပါက ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် စသည့် မြစ်များနှင့် ဆက်သွယ်နေသည့် နေရာများတွင် ရေကြီးလာနိုင်ကြောင်း၊
လောလောဆယ် ရေကြီးနေသည်မှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း
ဒေသများတွင်ဖြစ်ကြောင်း၊ ပြီးခဲ့သောနှစ်ကလည်း ရေကြီးခဲ့သည်မှာ အနောက်ဘက်ခြမ်းဒေသများတွင်ဖြစ် ကြောင်း ဦးထွန်းလွင်က ဆိုသည်။
''အရှေ့ဘက်ခြမ်းကတော့ အခုမှ နည်းနည်းလေးစ,မလို့ ရှိသေးတယ်။ ဒါပေမဲ့ နည်းသေးတယ်။ မနှစ်ကလည်း အနောက်ခြမ်း၊ ဒီနှစ်လည်း အနောက်ခြမ်းပဲ။ အဲဒါကို သတိထားဖို့လိုတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဧရာဝတီမြစ်ရေသည် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် စိုးရိမ်ရေမှတ်သို့
ရောက်ရှိခဲ့ရာမှာ သြဂုတ် ၂ ရက်တွင် ချောက်မြို့တွင် ပေ၀က်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်ရောက်ရှိနေကြောင်း၊ အဆိုပါ
မြစ်ရေသည် နောက်တရက် အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက်သို့
ကျော်လွန်ရောက်ရှိနိုင်ကြောင်း၊ထို့ကြောင့် ချောက်မြို့နယ်အတွင်းရှိ မြစ်ကမ်း
အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် ၃ ရက်တွင် အကြံပြုပြောကြားသည်။
''အခုနောက်ပိုင်းမှာ ရေကြီးတာက ပိုဆိုးလာတယ်။ သစ်တောတွေ
ပြုန်းတာကြောင့် ကုန်းမြင့်ဒေသ၊ တောင်ကုန်းဒေသတွေမှာ တောင်ကျရေတွေ ဒုက္ခအလွန်ပေးတယ်။ အလွန်ဂရုစိုက်ရမယ်''ဟု ဦးထွန်းလွင်က ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် မန္တလေး၊ မကွေး၊ စစ်ကိုင်းစသည့် တိုင်းဒေသကြီးများတွင် ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်တို့၏ စိုးရိမ်ရေမှတ်ကျော်လွန်ကာ
မြစ်ရေမြင့်တက်ခဲ့သဖြင့် အထက်ပါတိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရကြောင်း သိရှိရသည်။
ယခုနှစ်တွင် ရေမှာ တက်လိုက်ကျလိုက် ဖြစ်နေဦးမှာဖြစ်ကြောင်း၊ ၎င်းကို သတိထားရမည်ဖြစ်ကြောင်း၊ ကံကောင်း သည်မှာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းမဖြစ်ခြင်းနှင့် အရှေ့ဘက်မှလည်း မုန်တိုင်းမလာခြင်းဖြစ်ကြောင်း၊
မြစ်များရေတက်ခြင်းနှင့်မဆိုင်ဘဲ ရေဖုံးသော နေရာများလည်းရှိကြောင်း
ယင်းဒေသများမှာ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊
ဧရာဝတီတိုင်းဒေသကြီးအရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်းတို့တွင် ရေဖုံးဧရိယာများရှိနေကြောင်း ဦးထွန်းလွင်ထံမှသိရသည်။
AT
No comments:
Post a Comment