Thursday, August 25, 2016

မြန်မာနှင့် အီတလီ ငလျင် ဆက်စပ်မှု ရှိသလား

ယမန်နေ့က မြန်မာနှင့် အီတလီနိုင်ငံတို့တွင် အင်အားပြင်း ငလျင်များ အသီးသီး လှုပ်ခတ်ခဲ့သည်။ ငလျင်နှစ်ခုမှာ နာရီပိုင်းသာ ခြား၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား အဆင့်ချင်းမှာလည်း မတိမ်းမယိမ်း ဖြစ်သည်။

အီတလီတွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိပြီး မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ အင်အား အနည်းငယ် ပိုမို ပြင်းထန်ကာ ပြင်းအား ၆ ဒသမ ၈ ရှိခဲ့သည်။ 

ငလျင်ဒဏ်ကြောင့် နှစ်နိုင်ငံစလုံးတွင် တန်ဖိုးထားရသည့် ရှေးဟောင်း အမွေအနှစ်များ ပျက်စီး ဆုံးရှုံးခြင်းများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများလည်း ရှိခဲ့ရာ အီတလီနိုင်ငံတွင်ဆိုလျှင် လက်ရှိအချိန်တွင် သေဆုံးသူ အရေအတွက်မှာ ၁၆၀ ခန့်အထိပင် ရှိသွားပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ လက်ရှိ အချိန်တွင် အတည်ပြုနိုင်သည့် သေဆုံးသူ အရေအတွက်မှာ ၃ ဦးရှိပြီ ဖြစ်သည်။ ထိုကဲ့သို့ မိုင် ၅၀၀၀ ကျော် ကွာဝေးသော ကမ္ဘာ့ဒေသနှစ်ခုတွင် ၂၄ နာရီအတွင်း လှုပ်ခတ်ခဲ့သော ငလျင် နှစ်ခုကြား၌ ဆက်စပ်မှု တစ်စုံတစ်ရာ ရှိ၊ မရှိ ဆိုသည်နှင့် ငလျင် နောက်ဆက်တွဲ ဖြစ်နိုင်ချေများနှင့် ပတ်သက်ပြီး National Geographic မဂ္ဂဇင်းကြီးက ဘူမိဗေဒ ကျွမ်းကျင်ပညာရှင် နှစ်ဦးဖြစ်သည့် U.S. Geological Survey National Earthquake Information Center မှ ဂျွန်ဘယ်လီနီနှင့် Lamont-Doherty Earth Observatory မှ မိုက်ကယ်လ်စတက်ကလာ တို့ကို တွေ့ဆုံ မေးမြန်းထားသည်ကို ကိုးကားပြီး ဆီလျော်အောင် ကောက်နုတ်၍ ဘာသာပြန် ဖော်ပြလိုက်ပါသည်။

မြန်မာ နဲ့ အီတလီ ငလျင်ကြားမှာ ဆက်နွယ်မှု တစ်ခုခုရှိသလား

မရှိပါ။ အီတလီနှင့် မြန်မာသည် အလွန် ဝေးကွာပြီး မတူညီသည့် ပြတ်ရွေ့ကြောင်းများပေါ်တွင် တည်ရှိနေသော ဒေသ နှစ်ခု ဖြစ်ပါသည်။ ငလျင်နှစ်ခုလုံး ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းတွင် လှုပ်ခတ်ခဲ့ပြီး ပြင်းအားခြင်း မတိမ်းမယိမ်း ရှိခဲ့သော်လည်း ပတ်သက်ဆက်စပ်မှု တစ်စုံတစ်ရာ မရှိပါ။

ယခု ငလျင်လှုပ်ခဲ့သော ဒေသနှစ်ခုမှာ ဘူမိဗေဒသဘောအရ ငလျင် မကြာခဏ လှုပ်နိုင်သည့် ဒေသများလား

အီတလီ နှင့် မြန်မာ နှစ်နိုင်ငံလုံးသည် မြေအောက် ကျောက်လွှာကြီးများ လှုပ်ရှားတတ်ရာ ဒေသများဖြစ်သဖြင့် ငလျင်လှုပ်ခတ်မှုများ မကြာခဏ ဖြစ်ပေါ်နိုင်သည်။ အီတလီတွင် ငလျင်ငယ်များ မကြာခဏ လှုပ်လေ့ရှိပြီး ပြင်းအား ၆ အဆင့်ဝန်းကျင်ရှိ ငလျင်များလည်း လှုပ်ခတ်လေ့ ရှိသည်။ ပြီးခဲ့သည့် ရာစုနှစ်များအတွင်းတွင် အီတလီတွင် အင်အား အသင့်အတင့်ရှိ ငလျင်များ အကြိမ်ရေ မနည်း လှုပ်ခတ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အီတလီတွင် လှုပ်ခတ်သည့် ငလျင် အရေအတွက် ဝန်းကျင်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ပြီး ယခုနှစ်အတွင်းမှာပင် ပြင်းအား ၆ ကျော်သည့် ငလျင် တစ်ခု လှုပ်ခတ်ခဲ့သေးသည်။ သို့ရာတွင် အီတလီ၌ အားအပြင်းဆုံး အနေဖြင့် ပြင်းအား ၇ ဝန်းကျင်ရှိ ငလျင်များသာ လှုပ်ခတ်နိုင်ချေ များသော်လည်း မြန်မာနှင့် နီပေါတို့ ကဲ့သို့သော ဒေသများတွင်မူ ပြင်းအား ၈ အဆင့်ရှိ ငလျင်ကြီးများထိ လှုပ်ခတ်နိုင်ချေ ရှိလျက်ရှိသည်။

မြန်မာနိုင်ငံမှာထက် အီတလီမှာ ဘာကြောင့် နောက်ဆက်တွဲ ငလျင်ငယ်များ ပိုမို လှုပ်ခတ်ခဲ့သလဲ

အီတလီနိုင်ငံတွင် မြန်မာနိုင်ငံမှာထက် တိုင်းတာရေး ကိရိယာများ ပိုမို စုံလင်သဖြင့် ငလျင်ငယ်များ လှုပ်ခတ်ခြင်းနှင့် ပတ်သက်ပြီး အချက်အလက်များ ပိုမို တိတိကျကျ ရရှိခြင်းကလည်း အကြောင်း တစ်ရပ်ဖြစ်သည်။ နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်သည့် အကြိမ် အရေအတွက်နှင့် ပြင်းအားမှာ မူလ လှုပ်ခတ်သည့် ငလျင်ကြီး လှုပ်ခတ်ပုံနှင့် ပြင်းအားပေါ်တွင် အဓိက မူတည်လေ့ရှိသည်။ ငလျင်ကြီး တစ်ခု လှုပ်ခတ်ပြီးသည့်နောက်တွင် ကမ္ဘာမြေကြီးသည် ပြန်လည် တည်ငြိမ် အထိုင်ကျရန်အတွက် အချိန် တစ်ခု ယူရပြီး နောက်ဆက်တွဲ ငလျင်များမှာ ကမ္ဘာမြေကြီး၏ ပြန်လည် ချိန်ညှိသည့် သဘာဝအရ လှုပ်ခတ်ခြင်းဖြစ်သည်။ ယခု ငလျင် လှုပ်ခတ်ခဲ့သည့် ဒေသ နှစ်ခုတွင် ရက်သတ္တပတ် အတန်ကြာသည်အထိ နောက်ဆက်တွဲ ငလျင်ငယ်များကို ခံစားရနိုင်ပြီး ပြင်းအား ၅ အဆင့်ရှိ ငလျင်များအထိ လှုပ်ခတ်နိုင်ချေ ရှိသဖြင့် ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် သတိပြု နေထိုင်ကြရန် လိုအပ်မည်ဖြစ်သည်။

မြန်မာငလျင်က အားပိုပြင်းပေမယ့် ဘာကြောင့် အီတလီမှာ ပျက်စီး ဆုံးရှုံးမှုနှင့် လူသေဆုံးမှုများ ပိုများရသလဲ

မြန်မာနိုင်ငံတွင် လှုပ်ခတ်သည့် ငလျင်မှာ မြေအောက် ပိုမို နက်ရှိုင်းသည့် နေရာတွင် လှုပ်ခတ်ခဲ့ခြင်းက အဓိက အကြောင်းရင်း ဖြစ်သည်။ မြန်မာ့ငလျင်တွင် ငလျင်လှုပ်ခဲ့သည့် အရင်းအမြစ်နေရာမှာ မြေမျက်နှာပြင်အောက် ၅၂ မိုင် အနက်ခန့် ဖြစ်ပြီး အီတလီငလျင်မှာမူ မြေမျက်နှာပြင်အောက် ၆ မိုင်ခန့် အကွာမှ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဖြိုးမင်းသန့်

Ref : National Geographic

No comments: