ရန်ကုန်၊ သြဂုတ် ၁၉
အရပ်သား
အစိုးရလက်ထက် သြဂုတ်လ ၁၉ ရက်နေ့တွင် အမေရိကန် ငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင်
ကျပ် ၁၂ဝဝ သို့ ပထမဆုံးအကြိမ် ရောက်ရှိသွားကြောင်း ပြည်တွင်း ဒေါ်လာ
ဈေးကွက်အတွင်း စုံစမ်း သိရှိရသည်။
ငွေလဲနှုန်းသည်
အစိုးရတက်စမှ စတင်၍ တစ်ဒေါ်လာလျှင် ကျပ် ၁၂ဝဝ အောက်တွင်သာ ရှိခဲ့ပြီး
လွှတ်တော်အသစ်များ စတင်ခဲ့သည့် ဖေဖော်ဝါရီမှ စတင်ကာ ဒေါ်လာ ငွေလဲနှုန်း တအိအိ
ကျဆင်းခဲ့ကာ ပြီးခဲ့သည့် ဧပြီလ ၂၂၊ ၂၃ ရက်နေ့တို့တွင် တစ်ဒေါ်လာ ၁၁၅ဝ
စံချိန်တင် ကျဆင်းခဲ့သည်။
ယခုနှစ် ဇူလိုင်လ
ဒုတိယပတ်မှ စတင်ကာ ဒေါ်လာ ငွေလဲနှုန်း တဖြည်းဖြည်း ပြန်မြင့်တက်ခဲ့ပြီး
သြဂုတ်လ ၁၉ ရက်နေ့တွင် ပြည်တွင်း ပုဂ္ဂလိဘဏ် အချို့၌ ဒေါ်လာ ငွေလဲနှုန်း ၁၂ဝဝ
ကျပ် ဖြစ်လာသည်။
“ဈေးကွက်ကတော့ ပုံမှန်
အရောင်းအဝယ်တော့ ရှိပါတယ်။ Earning ဒေါ်လာကတော့ ဒီနေ့ ညနေ ၁၂ဝ၇ ကျပ်ခွဲနဲ့
ဈေးပိတ်သွားတယ်”ဟု ပြင်ပ ဒေါ်လာဈေးကွက် အတွင်းမှ ဝယ်ရောင်း တစ်ဦးက
ဆိုသည်။
ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်တွင်
စိုက်ပျိုးစရိတ် ချေးငွေ ငွေကျပ် ၅ဝဝ ဘီလီယံ ထုတ်ချေးမည့် သတင်းကြောင့်
ငွေလဲနှုန်း ၁၁၉၈ ကျပ်အထိ ရောက်ရှိခဲ့ဖူးပြီး ဇွန်လနှင့် ဇူလိုင်
ပထမပတ်အတွင်း ၁၁၆၅ ကျပ်မှ ၁၁၉ဝ ကျပ်အတွင်း ရှိခဲ့သည်။
မြန်မာနိုင်ငံတော်
ဗဟိုဘဏ်၏ နိုင်ငံခြား ငွေလဲလှယ်မှု ရည်ညွှန်းနှုန်းမှာ ဇူလိုင်လ ၁၂
ရက်နေ့တွင် ၁၁၇၂ ကျပ်မှ တဖြည်းဖြည်း မြင့်တက်လာရာ သြဂုတ်လ ၁၉ ရက်နေ့တွင်
၁၁၉ဝ ကျပ်သို့ ရောက်ရှိလာသည်။
“အစိုးရသစ်
တက်ခါစကာ စီးပွားရေး လုပ်ငန်းတွေကလည်း ဘာမှ သိပ်မလုပ်သေးဘဲ
စောင့်ကြည့်နေတော့ ဈေးကွက်က ငြိမ်နေတာ။ အခုကျတော့ လုပ်ငန်းတွေလည်း
ပြန်စနေကြပြီ။ ဒေါ်လာ ဝယ်လိုအား တက်လာရင် ၁၂ဝဝ ကို ကျော်သွားမှာပဲ”ဟု ဝါရင့်
ဒေါ်လာဝယ်ရောင်း တစ်ဦးက ဆိုသည်။
အစိုးရသစ် တက်လာပြီး လေးလကျော် ကာလအတွင်း ဒေါ်လာ ငွေလဲနှုန်း ၁၂ဝဝ ကျပ်သည် အမြင့်ဆုံးပင် ဖြစ်သည်။
No comments:
Post a Comment