ဒင်းဆိုသည့်အမျိုးသမီးသည်ကား ဒဲ့တိုးမပြောသ၍ ဘယ်အခါမှ နားလည်မည် မဟုတ်...တကယ်မသိတာလား..မသိချင်ဟန်ဆောင်နေတာလားဆိုတာလဲ ဝေခွဲလို့မရ။ မှန်နေ့စဉ်ကြည့်ပေမယ့် ဒင်းငယ်တုန်းကချစ်စရာမျက်နှာလေး တစ်ဖြည်းဖြည်းအစ်ထွက်လာသည်ကိုလဲ မြင်သည့်ပုံ မပေါ်။
" ချစ်ရေ..မင်းမျက်နှာလေးက ပြည့်လာလိုက်တာ..."
" ဟုတ်လား..ညကအိပ်တာများသွားတယ်၊ ဖောင်းဖောင်းလေးနဲ့၊ ချစ်ဖို့ကောင်းတယ် ဟုတ်။.."
" ချစ်ရေ..မင်းလည်ပင်းလေးက အရစ်လေးတွေနဲ့အစ်နေပါလားဟ..."
" အဲဒါ Angel Ring လို့ ခေါ်တယ်လေ မောင်ရဲ့..မွေးကတည်းက နတ်သမီးတွေ ဆွဲပေးလိုက်တာ...များများပါလေ များများချမ်းသာလေပဲ..."
" ချစ်ရေ..မင်းလည်ပင်းနဲ့ပါးက ဆက်ပြီး လုံးနေပါလားဟ.."
" ဟီး..ဟီး...ဖားလေးလို ဖြစ်နေတာပေါ့...ဟုတ်လား... ဒီမှာကြည့်...."
ပြောလဲပြော၊ ဖားပုံစံလေး မျက်လုံးပါပြူးပြလိုက်သေးသည့်ဒင်းကို စိတ်ဆိုးရလဲ အခက်။
တစ်နေ့တစ်မျိုး ဘယ်လိုပြောပြော ဒင်းကိုပြောသည်ဟု စိတ်ထဲတွင် မှတ်ပုံမရ။ ဟိုတစ်နေ့က ဦးတိမ်ရေးသည့် သူ့ကိုတွေ့ရင် ပြောပေးပါ ပို့စ်နဲ့ ဘုရားပေးသောဝက် ပို့စ် ၂ ခုကို ပြတုန်းကလဲ ဒင်းက ရီလိုက်တာ တခွီးခွီးနှင့် အတောမသတ်။ ရီရင်းသီးနေသဖြင့် ကိုယ်ကပါ ကျောသတ်ရင်သတ်လုပ်ပေးလိုက်ရသေးသည်။ သူ့မိတ္တူပေးနေသည်လို့ စိုးစဉ်းမှ ရိပ်မိပုံ မပေါ်သည့်အပြင် ပြောရက်လိုက်တာ၊ကောင်မလေး သနားပါတယ်ဆိုပြီး သူကတောင်သူများ သွားသနားပေးလိုက်သေးသည်။
ရယ်ရင်မျက်လုံးတွေမှိတ်သွားတတ်သလို ရေဘောလုံးဖိလိုက်သလို ဖြစ်သွားတတ်ဒင်းမျက်နှာလေးကိုကြည့်ပြီး အပြစ်လဲ မပြောရက်။ ဒင်းလဲ သူများတွေလို ပိန်ပိန်ပါးပါးလေးနဲ လှချင်ရှာပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မှ မပေးနိုင်တာလို့ ဖြည့်တွေးရင်း အချစ်ပိုခဲ့ရသည်ကလဲ လတွေ၊နှစ်တွေ များခဲ့လေပြီကိုး။
" ချစ်ရေ...ချစ်ကို မောင် မချီနိုင်တော့ဘူးဟ...."
"မောင်က အသက်ကြီးလာပြီးကိုး မောင်ရဲ့.. ဒီတစ်ခါ မောင်ချီအလှည့်မဟုတ်ဘူး၊ ချစ်က မောင့်ကို တွဲရမယ့် အလှည့်။. "
ပြောလည်းပြော ကိုယ့်လက်လေးကို လာတွဲသည့် ဒင်းကို ကြည့်ပြီး ညည်းဝလာလို့ ငါမချီနိုင်တော့တာ ဆိုသည့်စကားကို မပြောထွက်တော့ပြန်။
ကိုယ်ကလဲကိုယ်ပင်။ ဖေ့ဘုတ်နဲ့အပြင်မှာ မြင်ရတွေ့ရသမျှ LCD အလန်းလေးတွေကြည့်ပြီး ကိုယ့်နံဘေးကချစ်သူကို ကြာလေပိုဝလာလေဟု မြင်မိနေသည်။ ပြည့်ဖောင်းနေသည့် ဒင်းမျက်နှာကို နမ်းရသည်ထက် နမ်းလိုက်သည်နှင့် ခပ်မာမာပါးရိုးလေးပေါ် နှာခေါင်းရောက်သွားသည့် အရသာကို ခံချင်နေသည်။ ပေါင်လုံးအစ်အစ်တွေမပေါ်သော စကပ်တိုဝတ်ထားသည့် ကောင်မလေးတစ်ယောက်နှင့် သူများတွေတွဲသလို တွဲပြီးသွားချင်သည်။ တစ်ခါတစ်လေ ညဘက် အိပ်မက်တွေမှာတောင် ကိုယ်က LCD လေးနဲ့တွဲနေတုန်း ဒင်းက လူကြမ်းမကြီးအဖြစ်ရောက်ရောက်လာတတ်သေးသည်။
" ချစ်ရေ...ငှက်ပျောပင်ကြီးတွေကြည့်အုံး...ချစ် လက်မောင်းကြီး ကျနေတာပဲ.."
" ဟဲ..ဟဲ.. ဒီမှာကြည့်..ဗလကြီးနော်..ရုတ်ရုတ်လုပ်ရင် ညှစ်ပစ်လိုက်မှာ..."
ပြောလဲပြောရင်း စနောက်ပြီး ဒင်းကကိုယ့်လည်ပင်းကို လှမ်းညှစ်မည့်ဟန်လုပ်လိုက်သည့်အခါတွင်တော့ ဘယ်ကတည်းက ကြောက်နေမှန်းမသိသောကိုယ်က ကြောက်ကန်ကန်ပြီး တွန်းထုတ်လိုက်မိသည်။
ရုတ်တစ်ရတ် အားကုန်သုံးပြီး တွန်းမိလိုက်သည့်အတွက် သူအရုပ်ကြိုးပြတ် ပစ်လဲသွားသည်။ တွန်းလိုက်သည်ကိုမမြင်ဘဲ ခပ်၀၀ခန္ဓာကိုယ်ကြီး တစ်ယောက် ခြေချော်ပြီး ပက်လက်လန် ဖင်ထိုင်ရက် ကျသွားသည်ဟု ထင်သွားသည့် ဘေးက လူတစ်ချို့က ပြုံးစိစိ ။ ကလေးတစ်ချို့ကတော့ တဟားဟား ရယ်ကြသည်။ ဒင်းမျက်နှာကို ကြည့်လိုက်တော့ မျက်ရည်ဝဲနေတဲ့မျက်လုံး...နှုတ်ခမ်းက ငိုတော့မတတ် တလှုပ်လှုပ်..
.......
.............
..................
......................
.............................
အထက်ပါ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီး တစ်လခန့်အကြာတွင်တော့ နေပြည်တော်၊ရန်ကုန်၊မန္တလေး၊ ငပလီ၊ပြင်ဦးလွင်၊ မော်လမြိုင်၊ ဘားအံ စသည့် မြန်မာနိုင်ငံ၏ မြို့ရွာအနှံ့အပြားတွင် ခပ်၀၀ကောင်မလေး တစ်ယောက်နှင့် သူမကို အရမ်းဂရုစိုက်သော အမျိုးသားတစ်ယောက်တို့ စုံတွဲအား တွေ့တွေ့ရလေသည်။
သူတို့အတွဲနားကပ်သွားပြီး နားထောင်ကြည့်ရင်တော့ သင်္ဘောကြီးက ၀လိုက်တာ... လမင်းကြီးက ဖောင်းလိုက်တာဆိုပြီး အမျိုးသားဖြစ်သူက ပြောနေတာတွေ ကြားရမှာဖြစ်သလို ရယ်လိုက်တိုင်း မျက်လုံးတွေပါ ပိတ်သွားသော ကောင်မလေး၏ တခွီးခွီး ရယ်သံကိုလဲ ကြားရပေမည်။
ထိုထက် အာရုံစိုက်နားထောင်ကြည့်ပါက....
ညည်းကို ..ပြောနေတာ ဆိုသည့် ကောင်လေး၏ တိုးတိုးရွတ်လိုက်သံကိုလဲ ကြားရပေလိမ့်အုံးမည်ပင်။
ဦးတိမ်
No comments:
Post a Comment