ချောင်းသာကမ်းခြေတွင် ဇူလိုင်လ ၃၁ ရက်နေ့ က နံနက် ၁၁ နာရီခန့်က မိသားစု ၇ ဦး ရေဆင်းကူးရာ မှ လှိုင်းပုတ်ကာ နစ်မြုပ်ခဲ့မှုကြောင့် တစ်ဦးရေနစ်သေဆုံးကာ ၂ ဦးပျောက်ဆုံးနေကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင် နေထိုင်သည့် မိသားစုဝင် ၂၁ ဦးသည် ချောင်းသာကမ်းခြေ ရေဆင်းကူးရာ ဘောလှေကို တစ်ဦးမောင်းပြီး ၆ ဦးမှ တွယ်စီးနေစဉ် လှိုင်းပုတ်မှုကြောင့် တွယ်စီးနေသူအားလုံး နစ်မြုပ်ခဲ့ရာမှ ၃ ဦးအား ရေပြင်ကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့သော်လည်း တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးကို ဆက်လက်ရှာ ဖွေနေကြောင်း ချောင်းသာ ရဲစခန်းမှ သိရသည်။
“မနက်က မိုးလည်းရွာ ရေပြည့်နေတဲ့အချိန် လှိုင်းပုတ်တော့ ဘောလှေကို လက်လွတ်သွားပြီး ခြေထောက်နဲ့ ကြမ်းပြင်မမီတော့ဘဲ ခြေလွတ် ထွက်သွားတာပါ၊ ရေပြင်ကယ်ဆယ်ရေးအဖွဲ့က ၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် တစ်ဦးကတော့ ဆေးရုံမရောက်ခင် လမ်းမှာပဲဆုံးသွားတယ်၊ ပျောက်နေတဲ့ ၂ ဦးကိုတော့ ရှာနေတုန်းပါ” ဟု ချောင်းသာရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လွင်က ပြောသည်။
ရေနစ်သေဆုံးသူမှာ ဦးမြင့်အောင်(၄၂ နှစ်)ဖြစ်ပြီး ပျောက်ဆုံးနေသူများမှာ ဦးခင်မောင်အေး (၂၉ နှစ်) နှင့် ဦးအောင်မြင့်(၂၉ နှစ်)တို့ဖြစ်ကြောင်း ချောင်းသာ ရဲစခန်းမှသိရသည်။
အဆိုပါ ပျောက်ဆုံးနေသူနှစ်ဦး ရုပ်အလောင်းကို ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ရေပြင်အသက် ကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ အနီးအနားရှိ မော်တော်ဘုတ် အဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း ဒေသခံများထံက သိရသည်။
“ချောင်းသာကမ်းခြေမှာက ဒီလိုမိုးဦးကျအချိန်ဆို ရေဆွဲချတာ အရမ်းကြမ်းတဲ့အတွက် ရေဆင်းကူးတဲ့သူတွေကို သတိပေး ဆိုင်းဘုတ်တွေ နဲ့ သတိလည်းပေးထားပါတယ်၊ ဒါပေမဲ့ လာတဲ့သူတွေက အပျော်လွန်ပြီး သတိမထားရာကနေ ဒီလိုအဖြစ်မျိုး တွေကြုံရတာပါ” ဟု ချောင်းသာကမ်းခြေမှ ဒေသခံ ဦးလှမြင့်က ပြောသည်။
အဆိုပါ ရေနစ်သေဆုံးခဲ့မှုအား ချောင်းသာရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၆ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
MMK
The Ladies News
No comments:
Post a Comment