ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တစ်ဦးနှင့် တစ်ဦး ဆက်ဆံရာတွင် ပွင့်လင်းရန်နှင့် တည့်မတ်မှုရှိရန် လိုအပ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုသော်လည်း တစ်ဖက်သား နားလည်ရန် လိုအပ်ပြီး၊ အကျိုးရှိ၊ မှန်ကန်၊ တစ်ဖက်သားခံသာသည့် စကားကို ပြောကြားရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၂၄ ရက်တွင် ပြောကြားလိုက်သည်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးရရှိရန် အဓိက လိုအပ်ချက်သည် ယုံကြည်မှုရှိရန်ဖြစ်ပြီး ယုံကြည်မှုမရှိပါက စာချုပ်တွင် လက်မှတ် ထိုးထားသော်လည်း အဟောသိကံ ဖြစ်သွားနိုင်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ရောက် နေစဉ်အတွင်း ငြိမ်းချမ်းရေးကော်မရှင်တွင် တပ်မတော် ကိုယ်စားလှယ်အဖြစ် ပါဝင်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး ( အငြိမ်းစား ) မှ တအာင်းပလောင် ၊ ကိုးကန့် MNDAA ၊ အေအေ ရခိုင်အဖွဲ့များနှင့် ပတ်သက်၍ ၂၁ ပင်လုံ တက်ရောက်ရန် အခွင့်အရေး နည်းသွားပြီဖြစ်ကြောင်း၊ ၂၁ ပင်လုံမှာ တက်ချင်တိုင်း တက်ရအောင် တောင်ပြုံးပွဲမဟုတ်ကြောင်း စသဖြင့် သတင်းမီဒီယာအချို့ကို ပြောဆိုခဲ့ပါသည်။
"ငြိမ်းချမ်းရေးရဖို့ အဓိကက ဘာလိုအပ်လဲဆိုတော့ ယုံကြည်မှုရှိဖို့ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်သွားပြီဆိုရင် တခြားပြသ၁နာတွေက အားလုံးရှင်းလို့ ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု မရှိဘူးဆိုရင် စာချုပ်တွေ ဘယ်နှစ်ခါပဲ လက်မှတ်ထိုးထား၊ ထိုးထား ဒါတွေဟာ အဟောသိကံ ဖြစ်သွားနိုင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့တူ ကမ္ဘာပေါ်တွင် အရေးကြီးဆုံးမေးခွန်းမှာ “ဘာကြောင့်” ဆိုသည့် မေးခွန်းဖြစ်ပြီး၊ “မိမိတို့ ဘာကြောင့် ထာဝရငြိမ်းချမ်းရေး မတည်ဆောက်နိုင်သလဲ။ ကိုယ့်ဘက်က ဘာကြောင့် ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်သလဲ။ သူ့ဘက်ကလည်း ဘာကြောင့် ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်သလဲ” ဆိုသည့်အချက်ကို တစ်ဖက်နှင့်တစ်ဖက် မျှမျှတတ စဉ်းစားပါက ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
အခွင့်အလမ်း တစ်ခုသည် လူတစ်ယောက်၏ ဘ၀တွင် နှစ်ခါပြန်မလာတတ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်အောင် ကြိုးစားသွားရမည်ဖြစ်ပြီး၊ မိမိတို့ နိုင်ငံအနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျ ကျန်ခဲ့ပြီဖြစ်သည်။ ယခုအခါ ဆောင်ရွက်ခွင့်ရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံးအတွက် အောင်မြင်အောင် ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဇော်မင်းထွန်း
The Ladies News
No comments:
Post a Comment