Wednesday, August 24, 2016

မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းများ သုံးသပ်ရေး ကော်မရှင် အစည်းအဝေး သြဂုတ်လ ၂၉ ရက်နေ့ ထပ်မံ ကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၂၃

ဧရာဝတီ - မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာ သုံးသပ်ရေး ကော်မရှင် အစည်းအဝေး သြဂုတ်လ ၂၉ ရက်နေ့၌ ထပ်မံ ကျင်းပမည် ဖြစ်ကြောင်း ယင်းကော်မတီဝင် အချို့ထံမှ သိရသည်။

ယင်းကော်မရှင်ကို ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်(ဟောင်း)များ၊ အစိုးရ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဝင်များ စုစုပေါင်း ၂ဝ ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏ လေ့လာ စိစစ် သုံးသပ်မှု ပထမဆုံး အစီရင်ခံစာကို နိုဝင်ဘာလ ၁၁ ရက်နေ့၌ နိုင်ငံတော် သမ္မတထံ တင်ပြရမည်ဖြစ်သည်။

“အသေးစိတ်တော့ ပြောလို့ မရသေးဘူး။ ကော်မရှင် အစည်းအဝေးကို သြဂုတ်လ ၂၉ ရက်နေ့မှ ထပ်မံ ကျင်းပသွားမယ်''ဟု   ကော်မရှင် အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

အဆိုပါ ကော်မရှင် အဖွဲ့ဝင်များသည် သြဂုတ်လ (၁၂ ရက်၊ ၂၂ ရက်၊ ၂၃ ရက်)နေ့များ၌ အစည်းအဝေး ကျင်းပခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ဆိုသည်။

ကော်မရှင်သည် စီမံကိန်းကြောင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီး ဆုံးရှုံးနိုင်မှု အခြေအနေ၊ စီမံကိန်း ဆက်လက် ဆောင်ရွက်ရန် သင့်၊ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှု အခြေအနေနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု စသည့် အချက် များစွာကို စစ်ဆေး သုံးသပ်ရမည် ဖြစ်သည်။

No comments: