နေပြည်တော်တွင် သြဂုတ်လ ၂၃ ရက်က ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ်ညီလာခံသို့ တက်ရောက်လာကြသူများ (OHN MYINT/FACEBOOK)
အာဏာရပါတီဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည်
ပါတီဥက္ကဋ္ဌနေရာအပါအ၀င် ပါတီထိပ်ပိုင်း ခေါင်းဆောင်များနေရာ များကို
လူသစ်များဖြင့် အစားထိုးပြန် လည်ဖွဲ့စည်းလိုက်သည်။
လက်ရှိပါတီဥက္ကဋ္ဌ ဦးသိန်းစိန် အပါအ၀င် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အများစု၏ နေရာတွင် လူသစ် များဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌသစ်အဖြစ် ယခင်အစိုးရ လက်ထက်က ရထားပို့ဆောင်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသန်းဌေးအား ရွေးချယ်ခဲ့သည်။
ယခုကဲ့သို့ ပါတီ ပြုပြင်ပြောင်းလဲ မှုများကို နေပြည်တော်ရှိ ပါတီဌာနချုပ် ၌ ပြုလုပ်နေသော ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ် ညီလာခံတွင် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
ဦးသိန်းစိန်အပါအ၀င် ပါတီဒုတိယ ဥက္ကဋ္ဌဟောင်း ဦးဌေးဦးနှင့် လုပ်သက်ရင့် ဗဟိုအလုပ်အမှုဆောင်အချို့ အပါအ၀င်ပုဂ္ဂိုလ်ကိုးဦးဖြင့် ပါတီဗဟိုဦးဆောင် ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့သည်ပါတီကို ထိန်းကျောင်းပေးမည့်သဘောဖြစ်ကြောင်း ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူဦးခင်ရီက ပြော သည်။
အဆိုပါ ဗဟိုဦးဆောင်ကော် မတီအဖွဲ့တွင် ပါတီဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်၊ ပါတီဒုဥက္ကဋ္ဌဟောင်း ဦးဌေးဦး၊ လုပ်သက်ရင့်ပါတီဗဟို အလုပ်အမှုဆောင်ဝင်များဖြစ်ကြ သော ဦးသောင်း၊ ဦးလွန်းသီ၊ ဦးတင်ထွတ်တို့ပါဝင်ကြောင်း ဦးခင်ရီက ဆိုသည်။
‘‘ဒီအဖွဲ့ကတော့ အတွေ့အ ကြုံရှိတဲ့လူတွေပါတော့ ထိန်း ကျောင်းပေးမယ့် သဘောပေါ့။ ဦးသိန်းစိန်တို့၊ ဦးဌေးဦးတို့၊ ဦးတင်ထွတ်တို့ စသည်ပေါ့ ပါတီ ကို ဒါမှလည်း လက်ဆင့်ကမ်းလို့ ရမယ်လေ’’ဟု ၎င်းက ပြောကြားသည်။
အသစ် ပြန်လည်ဖွဲ့စည်း လိုက်သော ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့တွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌဦးမြတ် ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေး မှူး ငါးဦးရှိကာ ဦးပိုက်ထွေး၊ ဦးသန်းထွန်း၊ ဦးကျော်ကျော်ဌေး၊ ဦးတင်အောင်ချစ်၊ ဒေါက်တာ ဒေါ်စန်းစန်းနွယ်တို့ဖြစ်ပြီး ပါတီ စည်းကမ်းထိန်းသိမ်းရေးကော်မ တီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ပါတီ လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ် ဦးစိုးနိုင်တို့ဖြစ်လာသည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် ပါတီအ ထွေထွေအတွင်းရေးမှူး ဦးသက် နိုင်ဝင်းတို့သည် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ် ကြပြီး ပြီးခဲ့သည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် ပြည်ခိုင် ဖြိုးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သူများဖြစ်သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေး သည် ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဒုဥက္ကဋ္ဌ ဦးမြတ် ဟိန်းသည် ဆက်သွယ်ရေးနှင့် သ တင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး အဖြစ် လည်းကောင်း၊ ပါတီအ ထွေထွေအတွင်းရေးမှူး ဦးသက် နိုင်ဝင်းသည် နယ်စပ်ရေးရာ ပြည် ထောင်စုဝန်ကြီးအဖြစ် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြသည်။
ပြည်ခိုင်ဖြိုး ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ရလဒ်အပေါ် သုံးသပ်ပြီး ပါတီကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ပါတီ၏ မူဝါဒထက် လူကိုပြုပြင်မည်ဖြစ် ကြောင်း ကျင်းပဆဲပါတီညီလာခံ မတိုင်မီက ပါတီ၏ ပြောရေးဆို ခွင့်ရှိသူ ဦးခင်ရီက ပြောထား သည်။
ပြည်ခိုင်ဖြိုး ပါတီသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် အနိုင်ရပါတီဖြစ်ခဲ့ကာ ပြီးခဲ့ သည့် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့၌ အနိုင်ရခဲ့ခြင်း မရှိပေ။

No comments:
Post a Comment