ကန်ထရိုက် စာချုပ်ပါ သဘောတူညီချက်များနှင့် ကိုက်ညီခြင်းမရှိဟုဆိုကာ ဇူလိုင်လအတွင်းက ရပ်ဆိုင်းခံထားရသည့် ပုသိမ်မြို့ရှိ ခုတင် ၅၀၀ဆံ့ ဆေးရုံသစ်ကြီးကို ယခုလ နောက်ဆုံးပတ်တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးရေးကော်မတီထံမှ စုံစမ်းသိရှိရသည်။
အဆိုပါဆေးရုံသစ် တည်ဆောက်နေမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇူလိုင်လအတွင်း လာရောက်စစ်ဆေးပြီးနောက် ရပ်ဆိုင်းရန်ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ယခုလ ဒုတိယပတ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက စစ်ဆေးပေးရန် အကြောင်းကြားစာ ပေးပို့လာပြီဖြစ်သောကြောင့် စစ်ဆေးခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
“ကြီးမားပြီး အရေးကြီးတဲ့ ကိစ္စဖြစ်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်ဦးဆောင် ပြီးစစ်ဆေးမှာပါ”ဟု လျှပ်စစ်၊ စက်မှုလက်မှု၊ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက The Voice သို့ ပြောသည်။
ဆေးရုံသစ် စီမံကိန်းကို Royal Lotus ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး မအူပင်မြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရန်ဝင်းက ကန်ထရိုက်ရယူကာ ၂၀၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံတည်ဆောက်ရန် တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြအတည်ပြုချက်များရယူခြင်း မရှိခဲ့ကြောင်း ယခင်အစိုးရဟောင်းလက်ထက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
အဆိုပါ ဆေးရုံဆောက်လုပ်ခွင့်ရရှိထားသော Royal Lotus ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်ရန် The Voice က ကိုယ်တိုင်သွားရောက်ခဲ့သော်လည်း တာဝန်ခံနှင့် ကုမ္မဏီပိုင်ရှင်တို့ ခရီးသွားနေကြောင်း အဆိုပါဆောက်လုပ်ရေးကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းက ပြောဆိုသည်။
No comments:
Post a Comment