ရန်ကုန်၊ ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်းရှိ ကျောက္ကာ မဟာဗောဓိ ဘုရားကြီးကျောင်းတိုက်အနီးရှိ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံဟောင်း ဦးအောင်သောင်းနှင့် ဇနီးတို့၏အုတ်ဂူ နှစ်လုံးကိုဖယ်ရှားပေးရန် ဒေသခံအချို့က တောင်းဆိုနေသည့် ကိစ္စရပ်အပေါ်လူထုဆန္ဒနှင့်အညီ ဆုံဖြတ်ပေးသွားမည်ဖြစ်ကြောင်း ကျောက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းက ပြောကြားသည်။
တောင်သာမြို့နယ်အတွင်းရှိ ကျောက္ကာကျေးရွာ ဗောဓိဘုရားကြီးကျောင်းတိုက် မုခ်ဦးအနီးတွင် တည်ဆောက်ထားပြီးဖြစ်သော ကြံ့ခိုင်ရေးပါတီ နာယက ဦးအောင်သောင်း၏ အရိုးပြာအုတ်ဂူ ပြောင်းရွှေ့ပေးရန် ကျေးရွာလူထုအချို့က တောင်းဆိုလျက်ရှိခြင်းကို ၎င်းက ယင်းသို့ တုံ့ပြန် ပြောဆိုခြင်းဖြစ်သည်။
“အဲဒါက ကျွန်တော်တို့ကျေးရွာရဲ့ ကျေးဇူးရှင်ဖြစ်တဲ့အတွက် ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ အဲ့ဒီကိစ္စကို အများဆန္ဒနဲ့အညီပဲ အဖြေထုတ်ချင်တယ်”ဟု ကျောက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းက ဆက်လက် ရှင်းပြသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့သူ ဦးအောင်သောင်းသည် စင်ကာပူနိုင်ငံတွင် ဆေးဝါးကုသနေစဉ်အတွင်း ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ကွယ်လွန်သွားခဲ့သည်။
၎င်းကွယ်လွန်ပြီးနောက် ကျန်ရှိသောအရိုးပြာကို ကျောက္ကာကျေးရွာ မဟာဗောဓိဘုရားကြီး ကျောင်းရှေ့၌ အရိုးပြာဂူသွင်းထားခြင်း ဖြစ်သည်။
“ရွာဦးကျောင်းမုခ်ဝမှာ အုတ်ဂူတည်ထားတာကို တချို့က ပြောင်းစေချင်တယ်။ တချို့က ဒီအတိုင်းထားစေချင်တဲ့ ဆန္ဒတွေရှိကြတယ်။ သူ့မိသာစုနဲ့ညှိနှိုင်းပြီး ဖယ်ရှားပေးဖို့ ဆောင်ရွက်မယ်”ဟု ကျောက္ကာကျေးရွာရှိ ဆယ်အိမ်မှူးဖြစ်သူ ဦးတင့်ဆွေက ဆိုသည်။
ဦးအောင်သောင်းသည် ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲတွင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြောက်ခြင်း ခံခဲ့ရသူတစ်ဦးဖြစ်သည့်အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း သြဇာကြီးမားသော ပါတီထိပ်ပိုင်းခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, June 15, 2016
ဦးအောင်သောင်းနှင့် ဇနီး၏ အုတ်ဂူများ ဖယ်ရှားမည့်ကိစ္စ လူထုဆန္ဒနှင့်အညီ ဆုံးဖြတ်မည်ဟုဆို -------------------------------------------------------------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment