Tuesday, June 21, 2016
ထိုင်းနိုင်ငံသားများနှင့် တန်းတူအခွင့်အရေး ပေးမည်ဟု ထည့်သွင်းထားသည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမား စာချုပ်သစ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် ချုပ်ဆိုမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။
မြန်မာအလုပ်သမား ခေါ်ယူမှုနှင့် ပတ်သက်၍ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ၂၀၀၃ ခုနှစ်က ချုပ်ဆိုခဲ့သည့် အဆိုပါစာချုပ် (MoU) ကို ပြန်လည်ချုပ်ဆိုရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး လိုက်ပါမည်ဖြစ်ပြီး ယင်းသို့ စာချုပ်အသစ် ပြန်လည်ချုပ်ဆိုရန် ထိုင်းဘက်က ကမ်းလှမ်းထားကြောင်း ဦးမျိုးအောင်က ပြောဆိုသည်။
“အဓိက အလုပ်သမားစေလွှတ်တဲ့ ကိစ္စမှာ ဘာတွေပါသွားမလဲ ဆိုတော့ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုတွေကို အသိအမှတ်ပြုပြီးတော့ ဆောင်ရွက်ပေးဖို့၊ ကာကွယ်စောင့်ရှောက်တဲ့ အပိုင်းမှာ ထိုင်းအလုပ်သမားနဲ့ တန်းတူပေးဖို့ဆိုတာ ပါတာပေါ့။ လူမှုဖူလုံရေး စောင့်ရှောက်မှုကိုလည်း တန်းတူပေးမယ် ဆိုတာတွေ ပါလာတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ပြန်လည်ချုပ်ဆိုမည့် စာချုပ်မူကြမ်းကို အစိုးရအဖွဲ့က ဇွန်လ ၁၄ ရက်နေ့တွင် ခွင့်ပြုထားပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ယင်းစာချုပ်ကို လက်မှတ်ထိုးမည် ဖြစ်ကြောင်း The Nation သတင်းတစ်ရပ်တွင် ဖော်ပြသည်။
“အရင်တုန်းက MoU မှာ ဘာမှမပါဘူး။ တန်းတူဖြစ်ရမယ် ဆိုတာက အခု MoU မှာ ပိုလာတာလေ” ဟု ဦးမျိုးအောင်က ထပ်မံပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားမှုဖြင့် ဇွန် ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာသံရုံးထံမှ သိရှိရသည်။
The Voice Weekly
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, June 21, 2016
ထိုင်းနှင့် တန်းတူအခွင့်အရေး ရရှိစေမည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားစာချုပ် ပြန်ချုပ်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment