ဦးသိန်းစိန်
အစိုးရလက်ထက် ကတည်းက ပြည်သူများအကြား ဝေဖန်ထောက်ပြမှုများ ပြုလုပ်ခဲ့သည့်
ပြဿနာများစွာအနက် ဖားကန့်ဒေသ ကိစ္စသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။
အစိုးရလက်ကျန် သက်တမ်းအတွင်း အရှိန်အဟုန်မြှင့်ကာ စွမ်းအားမြင့်
စက်ယန္တရားကြီး များစွာဖြင့် မြန်မာ့သယံဇာတများကို တူးဖော်
ထုတ်ယူကြမှုများသည် တရားဝင်သည်၊ တရားမ၀င်သည်၊ ဥပဒေနှင့်အညီ ဖြစ်သည်၊
ဥပဒေနှင့် မလျော်ညီစသည်ဖြင့် စနစ်တကျ စုံစမ်းဖော်ထုတ် အရေးယူရန် လိုအပ်သည့်
ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သည်။ ထို့အတွက် ယခင်အစိုးရ လက်ထက်တွင် သက်ဆိုင်ရာ
တာဝန်ရှိသူ အဆင့်ဆင့်မှ စုံစမ်း စစ်ဆေးခြင်းများ၊ အရေးယူ
ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ သို့သော် အစိုးရ အကူးအပြောင်း
ကာလနှင့်အတူ ယင်းကိစ္စရပ်များ လတ်တလော အခြေအနေ မည်သို့ရှိနေသည်၊ မည်ကဲ့သို့
ဆက်လက်ကိုင်တွယ် ဆောင်ရွက်မည်ကို မသိရှိရသေးပေ။
ယင်းအခြေအနေတွင် ဖားကန့်ဒေသရှိ ကျောက်မျက် ကုမ္ပဏီများအား ယာဉ်ယန္တရား လျှော့ချရန် အစိုးရသစ် မတက်မီ မတ် ၉ ရက်က သတ္တုတွင်း ၀န်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်းမှ ညွှန်ကြားထားသော်လည်း ကျောက်မျက် ကုမ္ပဏီများ အနေဖြင့် လိုက်နာမှု မရှိကြောင်း ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က NLD အစိုးရ လက်ထက်တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။ ထို့အပြင် အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ညွှန်ကြားချက်များကို လိုက်နာမှု မရှိသူများကို လိုအပ်သလို အရေးယူနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။
ဖားကန့်ဒေသကဲ့သို့ ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဒေသ၏ ရေရှည်အကျိုးစီးပွား နှင့် သဘာဝ သယံဇာတများအား စနစ်တကျ တူးဖော်ထုတ်လုပ်ခြင်း၊ ထိုက်သင့်သော တန်ကြေးများ ရရှိစေခြင်း၊ ဒေသအကျိုးစီးပွား အပါအ၀င် နိုင်ငံအတွက်၊ လူထုအတွက် နစ်နာမှုများ မဖြစ်ပေါ်စေရေး၊ ၀ိသမ လောဘသမားများနှင့် အဂတိ လိုက်စားမှုများကြောင့် နစ်နာ ဆုံးရှုံးမှုများ မရှိစေရေးအတွက် NLD အစိုးရ လက်ထက်တွင် ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သည်။ ထို့အပြင် ဖားကန့်ဒေသ ကဲ့သို့သော မြန်မာနိုင်ငံ ဒေသအသီးသီးရှိ အဖိုးတန် သယံဇာတများ တရားမ၀င်နည်းဖြင့် တရုတ်အပါအ၀င် ပြည်ပသို့ ခိုးထုတ်နေမှုများ၊ ခေါင်းပုံဖြတ်ခံရခြင်းများ မရှိစေရန် အလေးထား ဆောင်ရွက်ကြရတော့မည် ဖြစ်သည်။
အလားတူပင် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် CNICO က နှစ် ၃၀ စာချုပ်ဖြင့် လုပ်ကိုင်ခွင့် ရရှိထားသည့် နီကယ် စီမံကိန်းကဲ့သို့ ဒေသခံများနှင့် စီမံကိန်း အကောင်အထည်ဖော်သည့် ကုမ္ပဏီအကြား ပေါ်ပေါက်နေသော လျော်ကြေးမဲ့ မြေယာ သိမ်းဆည်းမှု၊ ပတ်ဝန်းကျင် ဆိုးကျိုး သက်ရောက်မှု မြင့်မားခြင်းနှင့် စီမံကိန်းရှိ မြန်မာလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံရသည့် အနေအထားများကိုလည်း ဖြေရှင်းပေးရန် လိုလားနေကြသည်။ ဒေသခံတို့၏ ဘိုးဘွားပိုင် မြေယာဧက သုံးထောင်ကျော်ကို လျော်ကြေးမပေးဘဲ သိမ်းဆည်းခဲ့သော စီမံကိန်းကြောင့် တောင်သူ ၁၅၀ ခန့်မှာ လက်မဲ့အနေအထား ဖြစ်သွားခဲ့ပြီး ဆိပ်ခံဆောက်လုပ်ရန် အတွက် ထူးကုမ္ပဏီကလည်း မြေယာ ၂၅ ဧကခန့် သိမ်းဆည်းခဲ့ကြောင်း၊ မြေယာသိမ်းဆည်းရာတွင် သတ်မှတ်ဧရိယာထက် ပိုမိုသိမ်းဆည်းမှုများ ရှိခဲ့ကြောင်း ဒေသခံများက ထုတ်ဖော် ပြောဆိုထားကြသည်။
ဤသည်တို့မှာ မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသည့် များစွာသော ကိစ္စရပ်များအနက်မှ သာဓက အချို့သာ ဖြစ်ပါသည်။ သို့ပါ၍ ပြည်သူများ အနေဖြင့် အမှန်တကယ် လိုလားသော အပြောင်းအလဲ ရလဒ်ကောင်းများအတွက် မဲပေးရွေးချယ်ခဲ့ကြသည့် NLD အစိုးရသစ် အနေဖြင့် ဤကိစ္စရပ်များအပေါ် မည်သို့တရား နည်းလမ်းတကျ မှန်ကန်စွာ အဖြေရှာ ဖြေရှင်းပေးမည်ကို လိုလားနေကြပြီ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသား အပ်ပါသည်။
(ဧပြီ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

No comments:
Post a Comment