Thursday, April 28, 2016

တပ်မတော်အထူးတပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးအစီအစဉ်

တပ်မတော်အထူးတပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးအစီအစဉ်

************************************

စစ်မြေပြင်ဆိုသည်မှာ ရန်သူနှင့် တိုက်ပွဲဝင်သည့်နေရာဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းရေးမှာမူ ပြည်သူလူထုနှင့် ဆက်စပ်သည့်နေရာများ၌ ဆောင်ရွက်ရသဖြင့် များစွာ ကွာခြားချက်ရှိကြောင်း၊ ယင်းကွာခြားချက်များကို ယခုလိုလေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ပေးနိုင်ခြင်းကြောင့် တပ်မတော်အတွက် အဖိုးတန်သည့် လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်ကြောင်း၊ အဖိုးတန်သည့် စစ်သားကောင်းများ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ကြောင်းဖြင့် နေပြည်တော်ရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်း၌ ယနေ့နံနက်ပိုင်းတွင် အထူးတပ်ဖွဲ့ဝင်များ၏ စွမ်းရည်သရုပ်ပြလေ့ကျင့်မှုများကို သွားရောက်ကြည့်ရှုအားပေးပြီး အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ဦးစွာ ရှင်းလင်းဆောင်တွင် ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်က အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ရေးပိုင်းဆိုင်ရာ လိုအပ်သည်များကို မှာကြားပြီး  အုပ်ချုပ်မှုပိုင်းဆိုင်ရာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် အထူးတပ်ဖွဲ့ဝင်များသည် လေ့ကျင့်ရေးကွင်းအတွင်း ၀င်ရောက်နေရာယူကြပြီး ကိုယ်ခံပညာ စွမ်းရည်ပြသခြင်း၊ တစ်ဦးချင်းနည်းစနစ် လေ့ကျင့်ခြင်းနှင့် အဖွဲ့လိုက် ယုံကြည်မှုလေ့ကျင့်ခြင်းတို့ကို လက်တွေ့ ပစ်ခတ်ဖောက်ခွဲမှုများနှင့်အတူ လေ့ကျင့်ခြင်း၊ လေထီးဆင်းလေ့ကျင့်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုလေ့ကျင့်ခြင်း၊ မြို့ပြအဆောက်အဦအတွင်း ဓားစာခံကယ်တင်မှုလေ့ကျင့်ခြင်း၊ အကြမ်းဖက်ခံရသည့် ခရီးသည်တင်ယာဉ်နှင့် လေယာဉ်အတွင်းမှ ဓားစာခံများ ကယ်တင်မှုလေ့ကျင့်ခြင်းများအား သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ကြသည်။

ဆက်လက်ပြီး အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကွင်းအတွင်းရှိ အဆောက်အဦများ၊ အတားအဆီးများနှင့် လေ့ကျင့်ရေး အထောက်အကူပစ္စည်းများကို အသုံးပြု၍ အထူးတပ်ဖွဲ့ဝင်များ လေ့ကျင့်ဆောင်ရွက်နေမှုများကို ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသော အထူးတပ်ဖွဲ့ဝင်များကို အမှာစကားပြောကြားရာတွင် အထူးတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးနှင့်ပတ်သက်၍ ကျွမ်းကျင်ကြံ့ခိုင်မှုများ ပြသသွားနိုင်သဖြင့် တပ်မတော်အတွက် ခြေလှမ်းသစ်တစ်ရပ်ရရှိကြောင်း၊ နဂိုရှိပြီးသား အခြေခံများအား ယခုအခါ လေ့ကျင့်ရေး သင်ထောက်ကူပစ္စည်းများ ပြည့်ပြည့်စုံစုံဖြင့် လေ့ကျင့်နိုင်ကြောင်း၊ တပ်မတော်သား တစ်ဦးသည် ကျန်းမာမှု၊ ကြံ့ခိုင်မှု၊ ယုံကြည်မှုဆိုသည့် အခြေခံများရှိမှသာ လေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်မှု ရရှိနိုင်ကြောင်း၊ မည့်သည့်တပ်ဖွဲ့ပင်ဖြစ်စေ တာဝန်ထမ်းဆောင်မည်ဆိုပါက ကျန်းမာရန်လိုအပ်ကြောင်း၊ ကျန်းမာရန်အတွက် အဟာရပြည့်ဝအောင် စားသောက်ရန်လိုအပ်ပြီး မိမိ၏ကိုယ်ခန္ဓာ ခံနိုင်ရည်စွမ်းအား ရှိအောင် နေထိုင်လေ့ကျင့်ရန်လိုကြောင်း၊ ကျန်းမာ၊ ကြံ့ခိုင်အောင်ဆောင်ရွက်ပြီး “ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင် ” ဆိုသည့်အတိုင်း ယုံကြည်မှု၊ ကျွမ်းကျင်မှုရရှိအောင် စနစ်တကျလေ့ကျင့်သွားရန် လိုအပ်ကြောင်း၊ တပ်မတော်သားတစ်ဦးအနေဖြင့် လက်နက်နှင့် လက်တွေ့တိုက်ပွဲဝင်ရသူများဖြစ်၍ အချိန်မရွေးကြီးမားသည့် ပေးဆပ်မှုများရှိနိုင်ကြောင်း၊ သို့ဖြစ်၍ အမြဲတမ်းတိုက်ပွဲဝင်နိုင်အောင် အမြဲတမ်းလေ့ကျင့်ထားရန် လိုအပ်ကြောင်း၊ ပင်ပန်းသည့် သင်တန်းတစ်ခုတွင် လေ့ကျင့်မှုရရှိခဲ့ပြီးပါက စစ်နည်းဗျူဟာနှင့်ပေါင်းစပ်၍ လက်တွေ့နယ်ပယ်၌ အသုံးချနိုင်အောင် ကြိုးစားရန်လိုကြောင်း၊ စစ်နည်းဗျူဟာကျင့်သုံးမှု အပိုင်းတွင်လည်း မိမိတို့၏ ထိုးထွင်းကြံဆမှု ပေါင်းစပ်ပြီး ဆောင်ရွက်ရန်လိုကြောင်း၊  လေ့ကျင့်ရေးပိုင်းတွင် တာဝန်ရှိသည့်နည်းပြများ အနေဖြင့်လည်း  သင်တန်းများကို အကျိုးရှိရှိ စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ သင်တန်း တက်ရောက်သူများ အနေဖြင့်လည်း သင်ယူရရှိသည့် လေ့ကျင့်မှုများကို မိမိတို့၏ အားနည်းချက်များကြောင့် အရည်အသွေး မကျရန်လိုအပ်ပြီး အသောက်အစား၊ အပျော်အပါးများကြောင့် ကိုယ်ပိုင်စွမ်းရည်များ ကျဆင်းတတ်သဖြင့် ရှောင်ကြဉ်ရန်လိုကြောင်း၊ မိမိကိုယ်ကို မိမိထိန်းသိမ်း၍ တစ်ဦးချင်းဂုဏ်သိက္ခာ၊ တပ်ဖွဲ့ဂုဏ်သိက္ခာနှင့် တပ်မတော်၏ ဂုဏ်သိက္ခာများကို ထိန်းသိမ်းပြီး မြန်မာ့တပ်မတော်၏ စွမ်းရည်ကို နိုင်ငံတကာတွင် ပြသနိုင်စွမ်းရှိအောင် ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် အထူးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

နေပြည်တော်၊ ဧပြီ ၂၇

Credit---Senior General Min Aung Hlaing   FBွ

No comments: