Thursday, April 21, 2016

ရခိုင်ပြည်နယ်အတွင်း လှေနှစ်မြုပ်မှုနှင့် တိုက်ပွဲများကြောင့် စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း လှေနှစ်မြုပ်မှုနှင့် တိုက်ပွဲများကြောင့် စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်
-------- --------- --------

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက ဧပြီ ၂၀ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ဧပြီ ၁၉ ရက်က စစ်တွေမြို့နယ်၊ သဲချောင်းအနီး စက်လှေတစ်စင်း နစ်မြုပ်ပြီးနောက် ကြေကွဲဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံး ခဲ့ရသူများနှင့် ပတ်သက်သည့် သတင်းအတွက် စိတ်မကောင်းဖြစ်ရသည်ဟု ဖော်ပြထားသည်။

ရိုဟင်ဂျာ လူမှုအသိုက်အ၀န်းများဟု သုံးနှုန်းထားသည့် ( မြန်မာအခေါ် မွတ်ဆလင်ဘဂါင်္လီ) ရခိုင်ပြည်နယ်အတွင်း ဈေးများသို့ သွားရောက်ခြင်း ၊ နိစ္စဓူဝ ဘ၀နှင့် အခြေခံကျသော ဆောင်ရွက်မှုများကို ကန့်သတ်ထားခြင်းသည် လူမှုအသိုက်အဝန်းများ အတွင်း လူနေမှုဘဝ အရည်အသွေးများ တိုးတက်မြင့်မားရေးအတွက် ရုန်းကန်လှုပ်ရှားရာတွင် မလိုလားအပ်သော အန္တရာယ်များ ဖြစ်စေသည်ဟုလည်း ဖော်ပြထားသည်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းရုံးဆက်သွယ်ရေးရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါ စက်လှေမှောက်မှုတွင် အနည်းဆုံး ၂၁ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အတူ မြန်မာ့တပ်မတော် တပ်ဖွဲ့များနှင့် ရခိုင်တပ်မတော်အကြား ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနှင့် တိုက်ပွဲများ မြင့်တက်လာနေပြီး တိုက်ပွဲများအတွင်း အရပ်သားများ မတရားသဖြင့် ပြုကျင့်ခံရပြီး အသက်ဆုံးရှုံးမှုများ ကြုံတွေ့ရသေည်ဟူသော စွပ်စွဲတင်ပြချက်များနှင့် ပတ်သက်၍လည်း စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ပဋိပက္ခများကြောင့် ဒုက္ခများ ကြုံတွေ့ခံစားခဲ့ရသော မိသားစုဝင်များ အတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း သည်းခံထိန်းသိမ်းခြင်း တရားကို ကျင့်သုံးကြရန်နှင့် အရပ်သား ပြည်သူများကို ထိခိုက်စေနိုင်သော ထပ်မံတိုက်ခိုက်မှုများအား ရှောင်ရှားကြရန် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်း အားလုံးကို တောင်းဆိုကြောင်းလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထု အားလုံးအတွက် အခြေအနေအရပ်ရပ် တိုးတက် ကောင်းမွန်စေရန်နှင့် အချင်းချင်း ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အေးချမ်းရေးတို့ တိုးမြှင့်ရန်အတွက် ထားရှိထားသည့် မြန်မာအစိုးရ၏ ကတိကဝတ်ကိုလည်း ကြိုဆိုကြောင်း၊ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် မြန်မာအစိုးရ၊ နိုင်ငံတကာ အသိုက်အဝန်း၊ မြန်မာနိုင်ငံသားများနှင့်အတူ မိမိတို့ အနီးကပ် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ဇော်မင်းထွန်း
The Ladies News


No comments: