Friday, April 22, 2016

ဘောလုံးပွဲကြည့်ချင်သလား၊ ဘီယာဆိုင်ကို သွားစို့လား

ဘောလုံးပွဲကြည့်ချင်သလား၊ ဘီယာဆိုင်ကို သွားစို့လား
------ ------ ------ ------
လတ်တလော မြန်မာနိုင်ငံ ရုပ်သံလောကတွင် ပရိသတ်များ ရွေးချယ်ခွင့်ဆုံးရှုံးနေလေပြီ။ ရုပ်သံလောက၌ ဈေးကွက်ပြိုင်ဆိုင်မှုမရှိတော့ဘဲ ကုမ္ပဏီတခုတည်းကသာ ဈေးကွက်အား စိတ်ကြိုက်ခြယ်လှယ်ခွင့်ရရှိနေ ခြင်းကြောင့် မြန်မာနိုင်ငံ ရုပ်သံကြည့်ပရိသတ်အများစု အခွင့်အရေးများ စွာဆုံးရှုံးနေခဲ့ရသည်။ ယင်းအခြေ အနေသို့ရောက်ရှိအောင် မည်သူဖန်တီးခဲ့သလဲ။

ရုပ်သံထုတ်လွှင့်ခွင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်သည် အဓိကျခဲ့ပြီး ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မတိုင်မီ စစ်အစိုးရလက်ထက်က Sky Net ရုပ်သံလိုင်းအား လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထိုအကျိုး ဆက်ကို အများပြည်သူတင်ခံစားရသည်မဟုတ်ဘဲ နိုင်ငံပိုင် ရုပ်သံလိုင်းများပင် လတ်တလောခံစားနေရလေ သည်။ နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြား MRTV ပင်လျှင် ယခင်ကသတင်းများ ကြေညာအပြီး နိုင်ငံတကာ အားကစားသတင်းကြေညာလျှင် အထူးသဖြင့် ဘောလုံးပွဲရလဒ်များကို ဂိုးသွင်းကွက်နှင့် ရင်ဖို ကစားကွက်များဖြင့် ပြသခဲ့သည်။ ယခုအခါ ဘောလုံးပွဲဂိုးရလဒ်များ ကြေညာလျှင် ပရီးမီးယားလိဂ်မှလွဲ၍ အခြားသော လိဂ်များက ဘောလုံးပွဲရလဒ်များကိုသာ ဂိုးသွင်းယူပုံများကို ပြသနေပြီး ပရီးမီးယားလိဂ်ပွဲများအား ဓာတ်ပုံများသာ ပြသနေရသည်။ ယင်းအပြင် စနေ၊ တနင်္ဂနွေနေ့များတွင် ပရီးမီးယားလိဂ်ပွဲများထဲမှ လူကြိုက် မများသည့် ဘောလုံးပွဲတပွဲစီအား MRTV မှ ပြသပေးရတော့သည်။ ဆိုလိုသည်က ရုပ်သံလောကအား Sky Net ရုပ်သံလိုင်း လက်ဝါးကြီးအုပ်ထားသောအခါ နိုင်ငံပိုင်ရုပ်သံလိုင်းပင် အရိုးအရင်းလေးများကိုသာ ကိုက်ခွင့်ရပြီး ရသေ့စိတ်ဖြေပြသနေရတော့လေသည်။

၂၀၁၀ ဦးသိန်းစိန် အစိုးရတက်လာပြီး ရုပ်သံလောက၌ ရွှေသံလွင်၏ Sky Net ရုပ်သံလိုင်းနှင့် Forever Group ၏ 5 Network တို့အားပြိုင်ခဲ့ရာ ကနဦးတွင် 5 Network မှ မြန်မာ့ပရိသတ်စိတ်ဝင်စားမှု အများဆုံးရရှိသည့် ပရီးမီးယားလိဂ်ဘောလုံးပွဲအား ပြသခွင့်ရရှိခဲ့ပြီး ပြည်သူအများစုက 5 Network များအား ၀ယ်ယူအားပေးခဲ့ကြ သည်။ ထို့နောက် Forever Group မှ ပရီးမီးယားရုပ်သံလွှင့်ခွင့်မရရှိတော့ဘဲ Sky Net မှ သုံးနှစ်ဆက်တိုက် ထုတ်လွှင့်ခွင့်ရရှိခဲ့သည်။ ထိုအခါ မြန်မာနိုင်ငံရှိ ပရီးမီးယားလိဂ်ဝါသနာရှင်များသည် Forever ကုမ္ပဏီမှ စက်ပစ္စည်းများအား ချောင်ထိုးကာ Sky Net ဗန်းများ စက်ပစ္စည်းများထပ်မံဝယ်ယူကာ ကြည့်ရှုရပြန်သည်။ လက်ရှိလညှ်းု Sky Net က ပရီးမီးယား ရုပ်သံလွှင့်ခွင့်အား သုံးနှစ်ဆက်၍ ထုတ်လွှင့်ပြသခွင့် ရရှိသွားပြီ ဖြစ်သည်။

ယခင်ကမြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအော်ပရေတာတခုသာရှိပြီး ထိုအော်ပရေတာသည် မြန်မာနိုင်ငံ၏ မိုဘိုင်း ဇာတ်လိုက်ကျော် မြန်မာ့ဆက်သွယ်ရေး၏ MPT ဖြစ်လေသည်။ အော်ပရေတာတခုတည်း ရှိစဉ်က မိုဘိုင်း ဆင်းကတ်တခုအား ငွေကျပ်သိန်းသုံးလေးဆယ် သို့မဟုတ် ရွှေ ၂၀ ကျပ်သား၊ ၂၅ ကျပ်သားခန့်သုံးစွဲနိုင်မှ အသုံးပြုခွင့်ရလောက်သည် အထိ မာနကြီးခဲ့သည်။ ရွေးချယ်စရာမရှိလေတော့ အရိုးများတယ်၊ ချေးခါးတယ်၊ မငြင်းနှင့်မကြိုက်လျှင်၊ မတတ်နိုင်လျှင် မသုံးနှင့်။ ခပ်မာမာပဲရောင်းချခဲ့တယ်။ ထိုမှတဖန် မိုဘိုင်းဖုန်း ဆင်းကတ်ဈေးများ မဟာကရုဏာတော်နှင့် လျှော့ချလိုက်သောအခါ ကျပ်ငါးသိန်းဖြင့် ရောင်းချလာခဲ့သည်။ ယင်းငါးသိန်းသည်ပင်လိုသလောက်မရ၍ ပြင်ပပေါက်ဈေး ကျပ်ရှစ်သိန်း၊ ကိုးသိန်းအထိရောက်ခဲ့ရသည်။

ထို့နောက်တွင်တော့ ပြိုင်ဘက်မရှိ မြန်မာ့ဆက်သွယ်ရေးမှ ကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန်မိုဘိုင်းဖုန်းများ အား မြင်းဆီးအောင့်သလို ချထားပေးလာခဲ့သည်။ ဈေးကွက်တွင် ၀ယ်လိုအားနှင့် ရောင်းလိုအားမမျှတသော ကြောင့် ရောင်းချသူများစိတ်ကြိုက်ရိုက်စားလုပ်သမျှ မညည်းမညူနှင့် ရှိစုမဲ့စုလေးများ ထုခွဲကာ အများပြည်သူ က လုယက်ဝယ်ယူခဲ့ကြရလေသည်။ ထိုစဉ်ချိန်က တခုတည်းသော မြန်မာ့ဆက်သွယ်ရေးဖုန်း ငွေဖြည့်ကတ် ဈေးနှုန်းသည် အနည်းဆုံးကျပ် တသောင်းတန်ကတ်ဖြစ်၏။ ထို့နောက်တွင် အုပ်ချုပ်ရေးမှူးနှင့် အများပြည်သူ များအား ရန်တိုက်ပေးသည့် သမ္မတကြီးဦးသိန်းစိန်ကောင်းမှု ကျပ် ၁၅၀၀ တန်ဆင်းကတ်များ အထိန်းအကွပ် မရှိ ချပေးလေတော့သည်။ ထို ၁၅၀၀ တန်ဆင်းကတ်များချပေးစဉ်က အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများအများဆုံး ရန်ဖြစ်ခဲ့၍ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူရန်တိုက်ပေးသည့်ဖုန်းဟူ၍လည်း နာမည်ကြီးခဲ့ပြီး ၁၅၀၀ တန် ဖုန်းကတ် များပေါ်ပြီး မကြာမီ ကျပ် ၅၀၀၀ တန်ငွေဖြည့်ကတ်များရောင်း ချပေးခဲ့သည်။

၁၅၀၀ တန်ဆင်းကတ်များချပေးပြီး မကြာမီပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်လာပြီး တယ်လီနောနှင့်အော်ရီဒူးမိုဘိုင်း ဆက်သွယ်ရေးကုမ္ပဏီများ ၀င်ရောက်လာသောအခါ မာနကြီးခဲ့သော မြန်မာဆက်သွယ်ရေးသည်လည်း မာန ခ၀ါချလာခဲ့ရကာ အခြားသောအော်ပရေတာများနည်းတူ ပရိုမိုးရှင်းများ၊ ကံစမ်းမဲများ ယခင်က မျက်ထောင့်နီနှင့် ကြည့်သောမျက်နှာက အပြုံးမျက်နှာအဖြစ် ပြောင်းလဲခဲ့ရလေတော့သည်။ ထိုအရာသည် ဈေးကွက်စီးပွားရေး စနစ်၏ စားသုံးသူများအပေါ် အလေးထားရသောအပြောင်းအလဲဖြစ်စဉ်များစွာထဲမှာ ဖြစ်စဉ်တခုပင် ရှိပါသေး သည်။

ဈေးကွက်စီးပွားရေး အပြိုင်အဆိုင် အားကောင်းခြင်း၊ ပြိုင်ဆိုင်မှု ပြင်းထန်လေ စားသုံးသူများအတွက် ရွေးချယ်ရ မည့်အခွင့်အလမ်းများလေ ကောင်းမွန်သည့် ၀န်ဆောင်မှုရလေဖြစ်သည်။ မုံရွာမြို့အနီး ချင်းတွင်းမြစ်၏ တဖက် ကမ်းက ရွာလေးတရွာတွင် ၁၉၉၀ ပြည့်နှစ်ကျော်များ၌ ဗီဒီယိုရုံလေး တရုံရှိသည်။ ထိုကျေးရွာတရွာတည်းတွင် သာ ဗီဒီယိုပြသဖြင့် အနီးနားကျေးရွာသုံလေးရွာမှ လာရောက်ကြည့်ရှုကြရသည်။ ထို့ကြောင့်ထိုတရုံတည်းသော ဗီဒီယိုပြသည့်ပိုင်ရှင်က စိတ်ကြိုက်ပြသလေတော့သည်။ ဥပမာ ဗီဒီယိုဇာတ်လမ်းမစခင် စတိတ်ရှိုးအဖြစ်သီချင်း များပြသရာ၌ ပရိသတ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြသထားသည်။ ယင်းအပြင် ဗီဒီယိုပြသည့်ရုံမှ ကာရာအိုကေသီချင်းဆိုသူများလည်း လာရောက်သီဆိုရာ သီချင်းဆိုသူများလျှင် ဇာတ်ကားစချိန်နောက်ကျမှ ပြသရလေသည်။ ထိုကဲ့သို့ ကြာမြင့်စွာလုပ်ကိုင်လာခဲ့ပြီး သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ကျော်အရောက်တွင် အခြား သော ပြိုင်ဘက်တဦး ဖြစ်သူက ဗီဒီယိုရုံထပ်၍ထောင်လိုက်သည်။ ထိုအခြေအနေသည် ဈေးကွက်အပြိုင်အဆိုင် ဖြစ်လာသောကြောင့် ဗီဒီယိုရုံတောင်ရုံကပြသည့် ဇာတ်ကားမြောက်ရုံကပြသည့် ဇာတ်ကားစသဖြင့် ၀န်ဆောင် မှုအပိုင်းပြသသည့် အပိုင်း ပရိသတ်အချင်းချင်း အပြိုင်အဆိုင် ချီးမြှောက်ပြောဆိုလာတော့သည်။ ဥပမာ တောင်ဘက်ဗီဒီယိုရုံမှ ညဥ့်နက်သန်းခေါင်ပြသည့် ချန်ပီယံလိဂ်ဘောလုံးပွဲပြလျှင် ကျေးရွာအတွင်း ကြည့်ရှု လိုသူများအား လိုက်လံ၍ နှိုးလျှင် မြောက်ရုံမှလည်း လိုက်လံနှိုးရုံမကဘဲ ဆိုင်ကယ်ဖြင့်ပင် အကြိုအပို့လုပ် သည်အထိ ပြိုင်ဆိုင်မှုရှိလာခဲ့သည်။

အထက်ပါအကြောင်းအရာများသည် ဈေးကွက်ပြိုင်ဆိုင်မှုကြောင့် စားသုံးသူ အဆင်ပြေချောမွေ့လာခြင်း အကြောင်းအရာများ ဖြစ်လေသည်။ လက်ရှိမြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးတခုတည်းရှိစဉ်ကလည်း အများပြည်သူ လှိမ့်ပိန့်နေအောင်ခံခဲ့ရသည်။ ယခုတော့ ဈေးကွက်အပြိုင်အဆိုင်ဖြစ်လာသောအခါ ဆင်းကတ် အလကားနီးပါးပေးသည့်အပြင် ခေါ်ဆိုခများလည်း အပြိုင်ဆိုင်လျှော့ချနေရလေသည်။ ရုပ်သံထုတ်လွှင့်ခွင့်များ ကတော့ ထိုသို့မဟုတ်သေး။ လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားပြီး ရုပ်သံကြည့်ရှုရန်အတွက် စက်နှင့်ဗန်းအတွက် ငွေကြေးသိန်းဂဏန်း အကုန်အကျခံကာ ၀ယ်ယူတပ်ဆင်ရသည်။ ပြီးမှ လစဉ်ကြေး တလစာကြိုတင်ပေးချေ ထားရပြီး အားကစားပွဲအများဆုံးပါဝင်သည့် Package သည် ဈေးအကြီးဆုံးဖြစ်သည်။ အမှန်တကယ် ရုပ်သံ ကုမ္ပဏီများသာ အပြိုင်အဆိုင်ပါရှိက မိမိရုပ်သံလိုင်းများအား ကြည့်ရှုစေလို၍ ထိုစက်နှင့် ဗန်းများအိမ်တိုင်ရာ ရောက် အခမဲ့နီးပါး တပ်ဆင်ပေးမည်သာဖြစ်ပြီး လစဉ်ကြေးလည်း ယခုလောက်မများဘဲ အားကစားပွဲများ ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။

ယခုတော့ သာမန်အခြေခံလူတန်းစားများ ပရီးမီးယားလိဂ် ဘောလုံးပွဲကြည့်လိုလျှင် လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင်သို့သာ သွားနေရပြီး သာမန်ဝင်ငွေနှင့် မြန်မာပရိသတ်များ၏ အသည်းစွဲပရီးမီးယား လိဂ်ဘောလုံးပွဲအား ကြည့်ရှုနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဘောလုံးပွဲကြည့်လိုလျှင် ဘီယာဆိုင်သွားမှရမည့် အခြေအနေ ဖြစ်နေလေသည်။

ကိုခက်



No comments: