ကျောက်တံခါး ဧပြီ ၂ဝ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၇၇/၃-၄)ကြားတွင် ဧပြီ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ခရီးသည်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းထွန်းဦးနှင့်အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်မှရန်ကုန်သို့ တောင်ငူမြို့ ထီးလှိုင်ရပ်ကွက်နေ ထွန်းဇော်(၂၄)နှစ် မောင်းနှင်လာသော ၆ခ/---ခရီးသည်ပို့ဆောင်ရေး မီနီဘတ်(စ်)ယာဉ်သည် ဘရိတ် ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်မိကာ တိမ်းမှောက်ခဲ့ ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်ကိုးဦးတို့မှာ ပြင်းထန်စွာ ဒဏ်ရာများရရှိခဲ့၍ အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့် မြို့ချောင်းအမြန်လမ်းဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ထွန်းဇော်အား မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)
The Mirror Daily

No comments:
Post a Comment