Thursday, April 21, 2016

မန္တလေးတိုင်း ရှေးဟောင်း နယ်မြေများအတွင်း ကျူးကျော်နေထိုင်သူများကို အရေးယူမည်

မန္တလေးတိုင်း ရှေးဟောင်း နယ်မြေများအတွင်း ကျူးကျော်နေထိုင်သူများကို အရေးယူမည်
Thursday, April 21, 2016

မန္တလေးတိုင်းဒေသကြီး ရှေးဟောင်း နယ်မြေများအတွင်း ကျူးကျော်နေထိုင်မှုများကို စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန(မန္တလေး) ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း က ပြောသည်။

ရှေးဟောင်း ယဉ်ကျေးမှု နယ်နိမိတ်အတွင်းရှိ မြေနေရာများကို ဝယ်ယူ၍ ဂရန်ဖောက်ခြင်း၊ ကျူးကျော်နေထိုင်ခြင်း၊ ပုံစံ(၇) (လယ်ယာမြေ လုပ်ပိုင်ခွင့်) ချပေးခြင်းများရှိနေပြီး မြို့နယ် မြေစာရင်းဌာန အပါအဝင် အခြားသော ဌာနများကလည်း ရှေးဟောင်း သုတေသန ဌာနနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ လုပ်ဆောင်နေခြင်းများ ရှိသကဲ့သို့ ယခင် အစိုးရလက်ထက်တွင် ပတ်သက်ရာ ပတ်သက်ကြောင်းများနှင့် လုပ်ကိုင်ခြင်းများ ရှိကြောင်းလည်း ၎င်းက ပြောပြသည်။

“ကျူးကျော်နေထိုင်မှုတွေ အများဆုံးကတော့ ပုဂံဒေသပေါ့။ တခြားနေရာတွေက နည်းပါတယ်။ ကျူးကျော် နေထိုင်သူတွေကို အသိပေး ပြောကြားမှုတွေကတော့ တလျှောက်လုံး လုပ်နေတာပါ”ဟု ဦးညွန်မြင့်ထွန်း က ဆိုသည်။

အမရပူရ ဗားကရာ ကျောင်းတောင်ကြီး အရှေ့ဘက် ကျုံးအတွင်းရှိ မြေကွက်အား ဝယ်ယူ၍ ခြံဝင်းခတ်ထားသူက ထိုမြေနေရာ အတွက် လမ်းဖောက်ရန် လုပ်ကိုင်နေမှုကြောင့် သွားရောက် ကန့်ကွက်ခဲ့ရကြောင်း၊ အမရပူရ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ထိုကဲ့သို့ လုပ်ကိုင်သူများရှိနေကြောင်း အမရပူရ မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည) ဥက္ကဋ္ဌ ဦးခင်မောင်ကျော် ကလည်း ပြောဆိုသည်။

ရှေးဟောင်းယဉ်ကျေးမှု လေ့လာသူတဦးဖြစ်သည့် ဦးစစ်ငြိမ်းအေးကလည်း မန္တလေးနှင့် အုန်းချောကျေးရွာအကြား အုန်းချောကျေးရွာအုပ်စု မြို့တော ကျေးရွာအနီး မန္တလေး တူးမြောင်းမကြီး အရှေ့ဘက်ရှိ အနော်ရထာခြံတွင် ရှေးဟောင်း ဘုရားတဆူဖြစ်သည့် ကိုးတောင်ပြည့်စေတီ အနီးတ၀ိုက်ရှိ လယ်မြေများ ခြံဝင်းခတ်ထားသည်ကို တွေ့မြင်ခဲ့ရကြောင်း ပြောသည်။

ထိုသို့ ရှေးဟောင်း မြေနေရာများပေါ်တွင် အဆောက်အအုံများ တည်ဆောက်ခြင်း၊ ခြံဝင်းခတ်ခြင်း၊ ကျူးကျော် နေထိုင်ခြင်းများကို အစိုးရသစ်လက်ထက်တွင် ဥပဒေအတိုင်း တိတိကျကျလုပ်ကိုင်ရန် ညွှန်ကြားထားမှုများ ရှိသောကြောင့် တိတိကျကျဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေး ရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူးက ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ရှေးဟောင်း ယဉ်ကျေးမှု ဇုန်နေရာများအဖြစ် ပုဂံ၊ ဝတ္တီး၊ ပင်လယ်၊ မြင်စိုင်း၊ တမုခ်ရွှေဂူကြီး၊ ကုသိုလ်တော်၊ အမရပူရ ဗားကရာ၊ ပင်းယ၊ အင်းဝ၊ ရွှေကျောင်း၊ အတုမရှိ ကျောင်းတော်ကြီး များကို သတ်မှတ်ထားကြောင်း ရှေးဟောင်း သုတေသနဌာနမှ သိရသည်။

ဧရာဝတီ

အမရပူရ ဗားကရာ ကျောင်းတော်ကြီး အရှေ့ဘက်ရှိ ကျုံးဟောင်းအတွင်း ဆောက်လုပ်ထားသော အဆောက်အအုံများကို တွေ့ရစဉ်(ဓာတ်ပုံ – ဖိုးစမ်းချောင်း)


No comments: