တစ်ကမ္ဘာလုံးနှင့် တစ်ယောက်
- - - - - - - - - - - - - - - - - - - - - - - - - -
အခန်း - ၁
မန္တလေးမြို့၊ အိုးဘိုထောင်၏ ထောင်ဘူးဝရှေ့သို့ ဗင်ကားတစ်စီး ထိုးရပ်လိုက်သည်နှင့် ထောင်တံခါးသည် ' ဂျိမ်း . . . . ဒိုင်း' မြည်ကာ ပွင့်လာသည်။ ကားသည် အထဲသို့ တဖြည်းဖြည်းချင်းလှိမ့်ဝင်လိုက်၏။ ထောင်ထဲသို့ ကားရောက်လာသောအခါ ထောင်ဘူးဝတံခါးသည် တဂျိမ်းဂျိမ်းမြည်လျက် ပြန်ပိတ်သွား၏။ ထိုသူ ကားပေါ်မှဆင်းလိုက်သည်နှင့် ဘောင်းဘီအရှည်ဝတ်ထားသည့် ထောင်ဝန်ထမ်းအချို့ သူအနားသို့ ဝိုင်းလာပြီး လူနှစ်ယောက်က လက်မောင်းတစ်ဖက်စီကို ဆုပ်ကိုင်လိုက်သည်။ နောက်တယောက်က သူ့ခေါင်းကို အနက်ရောင်အစွပ်တခု စွပ်ချလိုက်၏။
ခေါင်းကို အစွပ်ခံလိုက်ရခြင်းကြောင့် သူ့စိတ်ထဲတွင် ဝိုင်းအုံထိုးကြိတ်တော့မလားဟု ထင်လိုက်သည်။ သို့သော် လက်မောင်းတစ်ဖက်တစ်ချက်စီ ကိုင်ထားသော လူနှစ်ဦးက သူ့ကိုဆွဲခေါ်သွားလေ၏။ ခေါင်းကို အစွပ်စွပ်ထားခြင်းကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်။ စမ်းတဝါးဝါးဖြင့် မှန်းဆကာ သွားနေရသည်။
လက်မောင်းကိုကိုင်ထားသော ဝန်းထမ်းများက လမ်းလျှောက်တာနှေးကွေးသည့်သူ့ကို စိတ်မရှည်သဖြင့် အော်ငေါက်ကာ ဒရွက်တိုက် အတင်းဆွဲခေါ်သည်။ အခန်းထဲသို့ရောက်သောအခါ လက်မောင်းမှကိုင်ပြီး ကြမ်းပြင်ပေါ်သို့ ဘတ်ခနဲပစ်ချလိုက်သည်။ ခေါင်းစွပ်နဲ့လူသည် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားလေ၏။
သူ့ကိုလိုက်ပို့သောသူများက "နောက်ကိုလှည့်မကြည့်နဲ့၊ နောက်ကိုလှည့်မကြည့်နဲ့ " ဟု အော်ငေါက်ကာ ခေါင်းစွပ်ကို ချွတ်လိုက်သည်။
"နောက်ကိုလှည့်မကြည့်နဲ့၊ ရှေ့ကြည့် ရှေ့ကြည့်" ဟု ထပ်အော်ပြီး အခန်းတံခါးပိတ်သံ 'ဝုန်း . . . .ဒိုင်း' မြည်သွားသည်။သံတံခါးပိတ်ပြီးသည့်နောက် သစ်သားတံခါးကို ထပ်ပိတ်လိုက်သံကြား၏။ ပြီးတော့မှ "ကြည့်လို့ရပြီ" ဟု ထောင်ဝန်ထမ်းများက လှမ်းအော်သည်။ သူလှည့်ကြည့်လိုက်သည့်အခါ မည်သူမျှမရှိတော့။ အခန်းတံခါးကို ပိတ်ထားလေပြီ။ အခန်းအတွင်း ရှင်းနေ၏။ အခန်းထဲတွင် သူတယောက်တည်း။
ခဏကြာတော့ ဦးမှိုင်းဆိုသည့် အကျဉ်းသားတစ်ဦး သူ၏အခန်းရှေ့သို့ ရောက်လာသည်။ သူ့ကိုမြင်သောအခါ ဦးမှိုင်းက "ခေါင်းတုံးကြီးနဲ့ ဘုန်းကြီးလား လူလား" ဟု မေး၏။ "ဦးဇင်းပါ" ဟု ပြန်ဖြေလိုက်သောအခါ ဦးမှိုင်းသည် လက်အုပ်ချီလျက် . . . .
" တင်ပါ့၊ ဘာအမှုတုံး ဘုရား"
" ဒီလိုပဲ တရားဟောလို့" ဟုဦးပဉ္စင်းက ပြန်မိန့်၏။
သို့ဖြင့် ဦးပဉ္စင်းအကြောင်းနှင့်အပြင်လောကတွင် ဖြစ်ပျက်နေသည့်အခြေနေတို့ကို ဦးပဉ္စင်းထံတွင် စုံစမ်းမေးမြန်းကြသည်။ အပြန်အလှန် မိတ်ဆက်ကြသည်။
မန္တလေးမြို့၊ အိုးဘိုထောင်သို့ ထိုနေ့ညနေအချိန်တွင် အကျဉ်းသားအဖြစ် ရောက်လာခဲ့သည့် ဦးပဉ္စင်းမှာ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်မှ စာချကိုယ်တော်တစ်ပါးဖြစ်သည်။ ပုဒ်မငါးခုဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံရခြင်းဖြစ်လေသည်။ သူ၏အမည်ကား ယနေ့အချိန်တွင် နိုင်ငံတကာမီဒီယာများတွင် "အစွန်းရောက်ဘုန်းကြီး"၊ "မွတ်ဆလင်မုန်းတီးရေးတရားများကိုလိုက်လံဟောပြောနေသောဘုန်းကြီး" ၊ "မြန်မာပြည်ရဲ့ဘင်လာဒင် " စသဖြင့် အမျိုးမျိုးဝေဖန်ခံနေရသော ဦးပဉ္စင်း ဦးဝီရသူပင် ဖြစ်သည်။
ယခု မန္တလေး အိုးဘိုထောင်ထဲသို့ ဦးပဉ္စင်းဦးဝီရသူ ရောက်လာသည့်အခါ တခြားသော နိုင်ငံရေးအကျဉ်းသားများကလည်း လာရောက်တွေ့ဆုံကြပြီး အားပေးစကားများ ပြောကြသည်။ ထို့အထဲတွင် ဦးမှိုင်းက ရှေ့ဆုံးကဖြစ်လေ၏။
"တပည့်တော်လည်း နိုင်ငံရေးအမှုနဲ့ကျတာ ၁၄ နှစ်ရှိပါပြီ။ ဦးဇင်း အားမငယ်နဲ့" ဟူ၍ပင် အားပေးစကားပြောလိုက်သေးသည်။ ထိုသို့ အားပေးစကားကြားသည့်အခါ ဦးပဉ္စင်းမှာ အနည်းငယ် အားတက်သွားသည်။ ပြီးတော့ ထောင်မှ တန်းစီးတယောက် ထပ်မံရောက်လာပြီး နှုတ်ဆက်ပြန်သည်။
" ဦးဇင်း အားမငယ်နဲ့၊ တပည့်တော် လိုအပ်တာ အကုန်လုပ်ပေးမယ် "ဟု ဆိုသည်။ ထိုတန်းစီး၏ ညီဖြစ်သူမှာ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်မှ ဖြစ်ပြီး ဦးပဉ္စင်း၏ တပည့်လည်း ဖြစ်၏။ ထိုသို့ နှုတ်ဆက်စကား အားပေးစကား ဆိုလာကြသောကြောင့် ဦးပဉ္စင်းစိတ်ထဲ " ဘယ်ရောက်ရောက် မိတ်ကောင်းဆွေကောင်း တွေ့ပါလား "ဟု တွေးနေမိသည်။
ဦးပဉ္စင်း၏အခန်း သံတံခါးအပြင်ဘက်တွင် ထုံးဖြူဖြူသောက်ရေအိုးတစ်လုံး ရှိသည်။သောက်ရေအိုးတွင် ရေညှိများလည်း ကပ်နေသည်။ ရေအိုးအဖုံးနှုတ်ခမ်းမှာ ပဲ့ကာနေ၏။ပလတ်စတစ်သောက်ရေခွက်မှာလည်း စုတ်ချာ၍နေသည်။ ထို့ကြောင့် ယင်းသောက်ရေအိုးမှ ရေကိုသောက်သုံးရန် ဦးပဉ္စင်း၏စိတ်ထဲ မသတီသလိုဖြစ်နေသည်။ သည်လိုအခြေနေကို ကြိုတင်သိ၍လည်း ထောင်ထဲသို့မလာခင် အပြင်၌ ရေအဝသောက်ခဲ့သေးသည်။
ထိုနေ့က ဦးပဉ္စင်းထပ်မံတွေ့ကြုံရသည့် နောက်ထပ်အခက်ခဲတစ်ခုမှာ ညအိပ်ရာဝင်သည့်အခါ ကြုံတွေ့ရသည့် ခြင်ကိုက်ခြင်းပင်ဖြစ်သည်။ ပထမတော့ ခြင်ကိုက်သက်သာလေမလားဆိုသော အတွေးဖြင့် ထောက်လှမ်းရေးက ပေးလိုက်သော အိပ်ရာခင်းခပ်ပါးပါးကို အခန်းသံဇကာပေါက်တွင် သွားကာလိုက်သည်။ သို့သော် ထောင်ဝန်ထမ်းများ တုတ်ကိုယ်စီဆွဲကာ ပြေးလာပြီး ဆဲဆိုအော်ဟစ်ကာ ပြန်ဖြုတ်ခိုင်း၏။
ထိုနေ့ညအဖို့ ဦးပဉ္စင်းသည် ခေါင်းအုံးမရှိ၊ ခြုံစရာစောင်မရှိ တစ်ရှူးလိပ်ကို ခေါင်းအုံးလုပ်ရသည်။ ပုဆိုးကို စောင်အဖြစ်ခြုံကာ တစ်ညလုံးကွေးပြီး အိပ်လိုက်ရသည်။ မနက်မိုးလင်းတော့ ဗိုက်က ဆာလာသည်။ ရေကလည်း ငတ်လာသည်။ သောက်ရေအိုးကို ကြည့်သည်။ သောက်ချင်စိတ်မရှိ။ သို့သော် အာခေါင်များ ခြောက်ကပ်လာသည်။ ဦးပဉ္စင်းစိတ်ထဲ " ဒီလိုပုံစံနဲ့ တစ်သက်လုံး ဘယ်လိုရင်ဆိုင်ရပါ့မလဲ "လို့လည်း (တွေး)နေမိသည်။ မနေနိုင်တော့သည့်အဆုံး ရေငတ်ငတ်ဖြင့် သောက်ရေအိုးမှ ရေတခွက်ကို ခပ်ကာ သောက်ဖြစ်လိုက်၏။
" ကောင်းလိုက်တာဗျာ အရသာရှိလိုက်တာ လေးလေးပင်ပင်နဲ့ "ဟု ရေငတ်ငတ်ဖြင့်သောက်ခဲ့ရသော မသတီစရာ သောက်ရေအိုးမှ ရေတခွက်၏အရသာကို ဦးပဉ္စင်းဦးဝီရသူက ပြန်ပြောပြသည်။ ထောင်ထဲတွင် ထိုရေတခွက်ကိုသာ သောက်ခဲ့ရပြီး နောက်ပိုင်းတွင် ရေနွေးသာ သောက်ခဲ့သည်ဟု ဦးပဉ္စင်းက ဆိုသည်။
ဆက်လက်ဖော်ပြပါမည်။
Share
ဆရာတော် ဦးဝီရသူရဲ့ ဘဝအကြောင်းကို ရေးထားသည့် " တစ်ကမ္ဘာလုံးနှင့် တစ်ယောက်"
စာအုပ်ကို အခန်းဆက် ပြန်လည် စာစည်၍ လူမှုကွန်ရက် FBကနေ ရေးသားပေးနေပါတယ်။
မနေ့က အဲဒီလို ရေးပြီး တင်ပေးနေတဲ့ အကောင့်က ပျက်သွားသောကြောင့် ဒီအကောင့်ကနေပြီး အခန်း ၁ စ၍ ပြန်လည်ကာ တင်ပေးမည် ဖြစ်သည်။ စာလုံးပေါင်း သတ်ပုံ အားလုံးသည် စာအုပ်ထဲက အတိုင်း ရေးသားခြင်း ဖြစ်သည့်အတွက် တစ်ခါတစ်လေ အမှား ပါကောင်း ပါနိုင်ပါတယ်။ အဲဒါကို အပြုသဘောဆောင်၍ CB ကနေ ပြောပြလို့ ရသလို မန့် ထဲမှာ ဝင်ပြီးတော့လည်း ပြုပြင်ခိုင်းလို့ ရပါတယ်။
ဟိုတစ်လောက Nyunt Win ဆိုတဲ့ အကောင့် ပိုင်ရှင် ဘယ်လို မန့် ဝင်ရေးသလဲဆိုတော့
"စာလုံးသတ်ပုံလေးတေမှန်စေချင်ပါတယ်ဘုရား"တဲ့ ကြည့် သူရေးတဲ့ မန့်က ဝဆွဲမပါဘူး။
သူရေးတာ အားလုံးပေါင်းမှ စာလုံး ၁၁ ပဲ ရှိတယ်။ ဦးဇင်းရေးတာက ပိုစ့် တစ်ခုစ်ခုကို အနည်းဆုံး ၁နာရီ ခွဲလောက်ကြာတယ်။ ကွန်ပြူတာနဲ့ ရေးတာမဟုတ်ပဲ ဟန်းဆက်လေးနဲ့ ရေးရတာကိုးဗျ။ ဟန်းဆက်နဲ့ရေးရတာဆိုတော့ တစ်ခါတစ်လေ စာလုံးပေါင်း သတ်ပုံ မှားချင် မှာမှာပေါ့ ။ ကဲ ပြောချင်တာက အဲလို အပြုသဘောနဲ့ ဝေဖန်တာ မဟုတ်ပဲ
"ကိုယ့်မျက်ချီး(ချေး)ကျတော့ မမြင်ပဲ သူတစ်ပါး မျက်ချီး(ချေး)ကိုပဲ မြင်တတ်ကြတဲ့လူတွေ များစွာရှိတယ်"။
အခု "တစ်ကမ္ဘာလုံးနှင့် တစ်ယောက်" စာအုပ်ပါ
အခန်း ၁ မှ စ၍ ပို့စ် ပြန်တင်မည်ဖြစ်သောကြောင့်
ဦးဇင်းအကောင့်ထဲမှာ ရှိတဲ့ Friendတွေကို Tag တွဲပေးလိုက်ပါတယ်။ နောက်ထပ် အခန်းဆက်တွေ Tag တွဲပေးတာ မကြိုက်ဖူးဆိုရင် ပြောဆိုနိုင်ပါကြောင်း . . . ။
အရှင်သုန္ဒရ ၊ (ပါရမီ)
( ၁၈. ၄. ၂၀၁၆ )
၁နာရီ၊ ၄မိနစ် ။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, April 23, 2016
တစ်ကမ္ဘာလုံးနှင့် တစ်ယောက် - - - - - - - - - - - - - - - - - - - - - - - - - - အခန်း - ၁
Subscribe to:
Post Comments (Atom)
No comments:
Post a Comment