Thursday, April 21, 2016

ကံထူးအောင်ယာဉ်လိုင်း ကားခပိုတောင်းခြင်း စစ်ဆေးတွေ့ရှိသဖြင့် ခရီးသည်များအား ငွေပြန်အမ်းခိုင်း

ခရီးသည်တင်ယာဉ်ကို ပူးပေါင်းအဖွဲ့များက စစ်ဆေးနေစဉ် (ဓာတ်ပုံ − သက်ဆွေ)

သင်္ကြန်ကာလကျော်သွား သည့်တိုင် သတ်မှတ်ထားသည့် ကားခနှုန်းထားများထက် ပိုမို တောင်းခံခဲ့သော ကံထူးအောင် ယာဉ်လိုင်းကို ဧပြီ ၁၈ရက်ညက ပုသိမ်ကြိုးတံတားအနီး၌ ပူးပေါင်း အဖွဲ့များအား စစ်ဆေးခဲ့ပြီး ပိုယူထားသည့် ကားခများကို ခရီးသည်များထံ ပြန်လည်ပေးအပ်စေခဲ့ကြောင်း သတင်းရရှိသည်။
ငရုတ်ကောင်းမြို့နှင့်  ဟိုင်းကြီးကျွန်းတို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသည့် ကံထူးအောင်ယာဉ်လိုင်းနှင့်ရွှေတိုင်းပြည်ယာဉ်လိုင်းတို့အား စစ်ဆေးခဲ့ရာ ကံထူးအောင်ယာဉ်လိုင်းတွင် နှုန်းထားကျော်လွန်  ကောက်ခံနေကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါရက် ညနေ ၆နာရီ နောက်ပိုင်းတွင် ငရုတ်ကောင်းမြို့ မှ ရန်ကုန်မြို့သို့ ထွက်သောကား သုံးစီးအား စစ်ဆေးရာတွင်တစ် ဦးလျှင် ကျပ်ရှစ်ထောင်စီပိုမို တောင်းခံထားသည့် ခရီးသည် ၁၅၀ခန့်အားလည်းကောင်း၊ ဟိုင်း ကြီးကျွန်းမှထွက်သည့်ကားနှစ်စီး အား စစ်ဆေးရာတွင်တစ်ဦးလျှင် ကျပ်ငါးထောင်စီ ပိုမိုတောင်းခံ ထားသောခရီးသည်တစ်ရာကျော် အားလည်းကောင်း စစ်ဆေးရေး အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။
‘‘ခရီးသည်အားလုံးကို စစ် ဆေးတဲ့ဂိတ်မှာပဲ ငွေပြန်အမ်းပေး တယ်။ ခရီးသည်အားလုံးလည်း ကျေနပ်ကြပါတယ်။ ဘယ်သူမှ တော့ ပေးပြီးသားကားခကို ပြန်ရ မယ်လို့မထင်ဘူးပေါ့။ ပြန်ရတော့ ၀မ်းသာတယ်။ ကားတွေက ငွေပို တောင်းတော့ ငွေမတတ်နိုင်တဲ့ ခရီးသည်တွေအတွက် ဒုက္ခ ရောက်တယ်။ လာလည်တာငွေမ လောက်ရတဲ့အထဲ ကားခဈေးမြင့် တော့ အိမ်ကနေ ငွေပြန်မှာရ တယ်’’ဟု ရန်ကုန်မှ ငရုတ်ကောင်း မြို့သို့ သွားရောက်လည်ပတ် သည့် ကိုမင်းသန့်ကပြောသည်။
ယာဉ်စီးခပိုမိုတောင်းခံခြင်း ကို ဧရာဝတီတိုင်းဒေသကြီး မစက (ပုဂ္ဂလိကမော်တော်ယာဉ်များစ နစ်တကျပြေးဆွဲရေးကော်မတီ) အဖွဲ့၊ တိုင်းယာဉ်ထိန်းတပ်ဖွဲ့နှင့် ပုသိမ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ် သည်။ ‘‘သတ်မှတ်တဲ့နှုန်းက တစ် သောင်း၊ ငရုတ်ကောင်းကားဂိတ် က ရောင်းနေတာက တစ်သောင်း ရှစ်ထောင်၊ ခရီးသည်တွေက ငွေ ပိုပြီးတောင်းနေတာကို မကျေနပ် လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အ ထိတိုင်တယ်။ ဒါကြောင့် စစ်ဆေး မေးမြန်းပြီး ခရီးသည်တွေဆီက ပို တောင်းထားတဲ့ ငွေကိုပြန်ပေးဖို့နဲ့ နောက်နောင်အခုလိုပိုပြီး မတောင်းဖို့ ပညာပေးတာပါ’’ဟု ဧရာဝတီတိုင်းဒေသကြီး ယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီဥက္ကဋ္ဌဦးမြင့်လွင်ကပြောသည်။
‘‘ဒီဂိတ်က နှစ်ဆန်းနှစ်ရက် နေ့အထိ သတ်မှတ်ဈေးနဲ့ ပြန်မ ရောင်းဘူး။ နောက်ရက်တွေမှာ လည်း ဈေးချဖို့ အစီအစဉ်မရှိသေး ဘူး။ ဒါကြောင့်ခရီးသည်က တိုင် တာ။ စစ်ဆေးတွေ့ရှိချက်အားလုံးကို တိုင်းအစိုးရဆီတင်ပြမယ်။ ဘယ်လိုဆက်အရေးယူမယ်ဆို တာတော့ တိုင်းအစိုးရရဲ့ သဘော ထားပဲ’’ဟု မစကဥက္ကဋ္ဌဦးမြင့်လွင် ကပြောသည်။
 သင်္ကြန်ကာလအတွင်း ကားခဈေးကြီးမြင့်သည်သာမက ကားထွက်ချိန်မမှန်ခြင်း၊ လူများစွာတင်ခြင်း၊ ဒေသခံဂိတ်များမှ မ ဟုတ်သော ကားများလာရောက် ပြေးဆွဲခြင်း၊ ခရီးသည်များအား မချေမငံပြောဆိုဆက်ဆံခြင်းများ ကြောင့်ခရီးသည်နှင့် ယာဉ်လိုင်းများကြား မကြာခဏအငြင်းပွားမှုများဖြစ်ပေါ်လျက်ရှိသည်။
‘‘သင်္ကြန်တွင်းဆိုတော့ စီး မယ့်ခရီးသည်က မသေချာဘူး။ ကျွန်တော်တို့ဂိတ်ဆို တစ်ခြမ်းပဲ လူရတယ်။ အသွားက လူလည်း မပါ၊ ကုန်လည်းမပါဘူး။ သင်္ကြန် တွင်းက မူးရူးနေသူတွေကလည်းများတယ်။ အန္တရာယ်လည်းများ တယ်။ ကားမရှိရင် ခရီးသည်တွေ သွားလာရေးအဆင်မပြေမှာစိုး လို့ဆွဲတာ။ သင်္ကြန်တွင်းအလုပ် လုပ်ရတာ အဘက်ဘက်က နစ်နာ ပါတယ်။ ရတာတစ်ခုတည်းကြည့် ပြီးတော့ မဆုံးဖြတ်သင့်ဘူးပေါ့’’ ဟု ကံထူးအောင်ကားဂိတ်မှ ယာဉ်မောင်းတစ်ဦးကပြောသည်။
 ယင်းကဲ့သို့ ကားခပိုမို တောင်းခံသည့် ကားများမှ ယာဉ် မောင်းများ၊ ယာဉ်နောက်လိုက် များ၏ လိုင်စင်များနှင့် ကားများ ၏ လုပ်ငန်းလိုင်စင်များကို သက် ဆိုင်ရာပူးပေါင်းအဖွဲ့များကသိမ်း ဆည်းထားသည်။

No comments: