Thursday, April 21, 2016

ရပ်နားထားသည့် ဦးပိန်တံတားပြုပြင်မှု ပြန်စမည်

ရပ်နားထားသည့် ဦးပိန်တံတားပြုပြင်မှု ပြန်စမည်
.................................................................
အတာသင်္ကြန်ကာလအတွင်း ရပ်နားထားခဲ့သည့် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားအား ရှေးမူမပျက် ပြုပြင်ဆောင် ရွက်နေမှုများကို ပြန်လည် စတင်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)ထံက သိရသည်။
ဦးပိန်တံတား ပြုပြင်မှုပြန်စရန် အတွက် တာဝန်ယူပြုပြင်နေသည့် Myanmar Teak Wood Industrial Co,Ltd မှ တာဝန်ရှိသူများနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာန(မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူတို့ ဆက်လက်ဆွေးနွေးပြီးလျှင် ပြန်လည် ပြုပြင်မှု စတင်မည့် ရက်အတိအကျကို ထုတ်ပြန်မည်ဖြစ်သည်။
''သင်္ကြန်ဆိုတော့ ခေါ်ထားတဲ့ အလုပ်သမားတွေ ပညာရှင်တွေကလည်း ပြန်ကုန်ကြတယ်။ သူတို့ကို ပြန်စုရမယ်။ မနက်ဖြန်တော့ ကုမ္မဏီက လူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်''ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး ဌာန (မန္တလေးဌာနခွဲ)မှ òန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောသည်။
ဦးပိန်တံတား ရှေးမူမပျက် ပြုပြင်မှု အား မတ်လ (၂၃)ရက်နေ့က စတင်ခြင်း ဖြစ်ပြီး သင်္ကြန်ကာလ မရောက်ခင်က အခန်း ခုနစ်ခန်းတွင် တိုင်လုံးများ ပိုးခြင်း၊ ကြမ်းခင်းခြင်း၊ ထုတ်တန်းထည့်ခြင်း စသည်တို့ကို အပြီးဆောင်ရွက်ခဲ့ပြီး ဖြစ် သည်။
ထိုသို့ သင်္ကြန်မတိုင်ခင် ပြုပြင် ပေးလိုက်နိုင်သည့်အတွက် သင်္ကြန်ကာလ ဦးပိန်တံတား ဖြတ်သန်းသွားလာသူ အလွန်များပြားခဲ့သော်လည်း ကြံ့ခိုင်မှုရှိခဲ့ ကြောင်း ဦးညိုမြင့်ထွန်းက ဆက် ပြော သည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း ဦးပိန်တံတားသို့ ဖြတ်သန်းသွားလာသူ တစ်သန်းနီးပါးရှိခဲ့ကြောင်း တောင်သမာန် အင်း ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

ဓာတ်ပုံ- The Messenger


No comments: