ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ချင်းမင်းပြင်ကျေးရွာမှာ အဖေအရင်းဖြစ်သူက သမီးဖြစ်သူကို ဓားနဲ့ခုတ်သတ်မှု ဧပြီလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထမင်းစားနေရင်းနဲ့ သားအဖနှစ်ဦး စီးပွားရေးအဆင်မပြေတဲ့ ကိစ္စ စကားများတာကနေ အဖေဖြစ်သူက အနားမှာရှိတဲ့ ဓားမနဲ့ သမီးဖြစ်သူရဲ့လည်ပင်းကို ခုတ်မိတာကြောင့် နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ကျောက်ဖြူရဲစခန်းက ရဲအုပ်ဝင်းလွင်က ဒီဗွီဘီ သတင်းဌာနကို ပြောခဲ့ပါတယ်။
“မနက် ၁၀ နာရီခွဲ လောက်ဖြစ်တာပေါ့လေ။ ထမင်းစားနေတဲ့အချိန်မှာ အဖေနဲ့သမီးအချေတင် စကားများရာကနေ ဖြစ်တာပါ။ အဖေကအနီးမှာရှိတဲ့ဓားမနဲ့ ခုတ်လိုက်တယ်ပေါ့လေ။ အဖေက ခုတ်လိုက်တဲ့အတွက် ၀ဲလည်ပင်းမှာ လေးလက်မအထိ ပြတ်လုလုဖြစ်သွားတာပေါ့။ အဲ့ဒီနေရာပဲ သမီးဖြစ်သူကပွဲချင်းပြီး သေသွားတယ်”လို့ ရဲအုပ်ဝင်းလွင်က ပြောပါတယ်။
သေဆုံးသူ ဒေါ်မကျော်အေး အသက် ၄၀ နှစ်ရဲ့လည်ပင်းဘယ်ဖက်မှာ ဓားဒဏ်ရာကြောင့် ပြတ်လုပြတ်ခင်ဖြစ်သွားပြီး ဖခင်ဖြစ်သူ အသက် ၇၀ အရွယ် ဦးကျော်ကတော့ ထွက်ပြေးတိမ်းရှောင်းသွားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကျောက်ဖြူရဲစခန်းက (ပ) ၃၈၈/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့တရားခံကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။
Source : DVB
No comments:
Post a Comment