Thursday, April 21, 2016

ရှောင်လေ ကောင်းလေ `ဒို့မိတ်ဆွေ´ နှင့် facebook ပေါ်မှ ရိုက်ခတ်သံ


သွားတဲ့ ခရီးစဉ်က ပုဂံ ညောင်ဦး အပူပိုင်းဒေသ။ အစ ထဲက ယဉ်သကိုဆိုသလို ည ၇ နာရီ အသင့်ပြင်ထားပါ ကားလာကြိုမယ်ဆိုလို့ စောင့်နေတယ်။ လာမကြို ဖြစ်ဘူး။ ကားငှားလာခဲ့ပါ။ ကားခ ပေးပါ့မယ်ဆိုလို့ တူလေး တို့ ဇနီးမောင်နှံ ကို ကားနဲ့လိုက်ပို့ ခိုင်းရပါတယ်။ တောင်ဥက္ကာလာ ကို သွားစီးရပါတယ်။ ၇ နာရီ ကျော်ကျော်မှာ ကားဂိတ်ကို ရောက်ပါတယ်။ ၈ နာရီ ခွဲ လောက်မှ ကားပေါ်တက်ရပါတယ်။ ကျွန်တော်တို့ကိုတော့ လာမကြိုတဲ့ကားက တစ်ခြားခရီးသည်တွေ ပါတ်ပြီးကြိုနေတာနဲ့ ည ၁၁ နာရီ ကျော်တဲ့ အထိ ရန်ကုန်ထဲက မထွက်ရသေးပါဘူး။



ဒီလိုနဲ့ ထွက်လာလိုက်တာ Air Con ကားကြီးပေါ်မှာ ယပ်တောင်လေးတွေ တဖျပ်ဖျပ်နဲ့ပေါ့။ အလယ်ခုံ လူမတင်ဘူး ဆိုတဲ့ ကား က အလယ်တန်းမှာလည်း လူ အပြည့်နဲ့ပေါ့။ ဒီလိုနဲ့  မောင်းလာလိုက်တာ ပုလဲ ကို ရောက်တော့ ဆီဆိုင်မှာ ဆီဝင်ဖြည့်ပါတယ်။ ဆီဖြည့်နေတုန်း ကားပေါ်က Guide လို့ ခေါ်ရမလားတော့ မသိဘူး ကားစ မောင်းထဲက ဘာမှ ကြေငြာ နှုတ်ခွန်းဆက်ခြင်း မရှိ တဲ့ ကောင်လေးကို ညီလေး မင်း ဒီကားက Guide လား မေးပြီးတော့ Air Con မအေးတဲ့ အကြောင်းပြောပြတော့ ၊ Driver ရော Guid ကောင်လေးကပါ Air Con က အေးပါတယ်။ မတင် ရသေးလို့ပါ ၂ ဆင့်ဘဲ တင်ရသေးတယ် နောက် ၃ ဆင့်ကျန်သေးတယ်။ ဒီမှာတင်လိုက်ရင် ဖုန်တွေ ကားထဲ ဝင်လာမှာစိုးလို့တဲ့။ ကျွန်တော်လည်း ပြန်မေးလိုက်ပါတယ်။ ရန်ကုန်မှာတောင် ဖုန် ဝင်မှာစိုးလို့ Air Con တင်လို့ မရရင် နယ်မှာ အညာမှာဆို ဘယ်လို လုပ်မလည်းလို့ ပြန်မေးတော့ သူတို့ နင်သွားပါတယ်။ ဒီလိုနဲ့ စကား အခြေအတင်ပြောရင်း ကား Change ပေးဖို့ ပြောတော့ ။ ၃၉ မိုင် ရောက်ရင် အဆင်ပြေအောင် Change ပေးပါမယ် ဆိုလို ကားပေါ်ပြန်တက်ပြီး ဆက်လိုက်လာပါတယ်။ သူတို့ ပြောတဲ့ နောက် ၃ ဆင့် ကျန်သေးတယ် တင်ပေးမယ်ဆိုတဲ့ Air Con ကားကြီးထဲ မှာ သားငယ် ရော သမီးကြီးပါ အိုက်လို့ မနေတော့ပါဘူး။ ချွေးတွေ တရွှဲရွှဲ နဲ့။ တစ်ခြား ခရီးသည်တွေလည်း ယပ်တောင်တွေ တဖျပ်ဖျပ် ပွစိပွစိနဲ့ ပေါ့။ မြန်မာလူမျိုးတို့ရဲ့ အားနာမှု သည်းခံမှုတို့ကို အခွင့် အရေးယူပြီး စော်ကားတဲ့ ဒို့ မိတ်ဆွေ ခရီးသွား လုပ်ငန်းပါ။



 ဒီလိုနဲ့ သူတို့ပြောတဲ့ ၃၉ မိုင်ဆိုတာ ကို ရောက်လာပါတယ်။ လက်ဖက်ရည်သောက် အပေါ့အပါးသွား ခဏ နားပေါ့။ ကား Change ပေးမယ့် အကြောင်း မမေးမခြင်း မပြောပါဘူး။ မေးတော့မှ ၃၉ မိုင်မှာ ကားတွေ မရှိတော့လို့ ရွှေစက်တော်ထိ လိုက်ခဲ့ပါ ရွှေစက်တော်ရောက်ရင် အဆင်ပြေအောင်လုပ်ပေးပါ့မယ်တဲ့။ ပုလဲမှာထဲက လှည့်ပြန်ဖို့ ၃၉ မိုင်ရောက်ရင် အဆင်ပြေအောင်လုပ်ပေးပါ့မယ်ဆိုလို့ လိုက်လာတာ။ ခု ၃၉ မိုင်ရောက်တော့လည်း အဆင်ပြေအောင် လုပ်မပေးနှိုင်ဘဲ ရွှေစက်တော်ထိတောင် ဆက်ပြီးလိုက်ခဲ့ရဦးမတဲ့။ ရွှေစက်တော်ထိ လိုက်ရအောင် မင်းတို့ Air Con က အေးမှ မအေးဘဲနဲ့ ။ထပ်တင်လို့ မရဘူး။ ဘယ်လိုလုပ်မလည်း မေးတော့ Gate က တာဝန်ရှိသူရဲ့ သမီးဆိုလား ကားပေါ်ပါလာတယ်။ သူ က ကားက Air Con မအေးရင် ပြူတင်းပေါက်တွေ ဖွင့်မောင်းပေးမယ်ဆိုဘဲ။ အညာ နွေပူပူ ဖုန်ထူထူ နဲ့ အနားယူ အပန်းဖြေဖို့ သွားပါတယ်ဆိုမှ ကားပေါ်လာပြီး ဒုက္ခ ခံနေရသလိုဖြစ်နေပြီ။ လက်မှတ် လာရောင်းသွားတဲ့ ရန်ကုန်က တာဝန်ရှိသူကြီးဆီ ဖုန်းဆက်ကြည့်တော့လည်း ကားပေါ်က တာဝန်ရှိသူနဲ့ဘဲ ရှင်းပါ ဆိုပြီး ဘော်လီဘော ပုတ်ပြန်ရော။ ဒီလိုဆို မလိုက်တော့ဘူး ငွေပြန်အမ်းပေးပါ ဆိုတော့လည်း မအမ်းနှိုင်ဘူး။ ရွှေစက်တော်ထိ လိုက်ခဲ့ပါ အဆင်ပြေအောင်လုပ်ပေးပါမယ်ဘဲ တွင်တွင်ပြောနေတယ် ကား Change ပေးမှာလားဆိုတော့မပြောနှိုင်ဘူး။ ကားပေါ်မှာ တာဝန်ရှိသူ ပါလာရဲ့သားနဲ့ လာမပြောဘဲ တချိန်လုံး Guide နဲ့ဘဲပြောနေရတယ်။ စိတ် မရှည်တော့တာရယ်။ တစ်ခြား ခရီးသည်တွေကို အားနာလာတာရယ်ကြောင့်။ ကဲ ပိုက်ဆံ ပြန်မပေးနှိုင်ဘူးဆိုလည်း မပေးနဲ့တော့ ရတယ် ဆက်တော့ ဒုက္ခ ခံပြီး မလိုက်တော့ဘူး ဆိုပြီး တူလေးနဲ့ တူမလေးကို အိမ်က ကားယူလာဖို့ လှမ်းခေါ်ပြီး ကိုယ့်ကားနဲ့ကိုယ်ဘဲ ရေး-ထားဝယ် ဘက်ကို ခရီးဆက်ခဲ့ရပါတော့တယ်။ ပိုက်ဆံ ၆ သိန်းကျော် ဆုံးပြီး သင်ခန်းစာ တစ်ခုတော့ ရခဲ့ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ခရီးသွား ဝန်ဆောင်မှူု လုပ်ငန်းများ ရဲ့ ဘေးနဲ့ ဝေးကွာကြပါစေ။

Ko Thet Tin (facebook)

No comments: