Wednesday, April 20, 2016

ဧပြီလအတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့ ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီး နှစ်ဖက်ကျဆုံးမှုများ ရှိခဲ့ကြောင်း နှစ်ဖက်အရာရှိများ ပြောကြား

နန်ဆန်ယန်ကျေးရွာ ၀န်းကျင်ရှိ လူမနေသည့် အိမ်တစ်လုံးအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
၂၀၁၆ ခုနှစ် ဧပြီလအတွင်း တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေတို့ ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားပြီး နှစ်ဖက်ကျဆုံးမှုများ ရှိခဲ့ကြောင်း နှစ်ဖက်အရာရှိများက ဧပြီ ၁၉ ရက်တွင် ပြောကြားသည်။ နှစ်ဖက်ထိတွေ့မှုမှာ ဧပြီ ၇ ရက် နှင့် ဧပြီ ၁၇ ရက် (နှစ်ဆန်း ၁ ရက်နေ့) များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ တစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိကာ ကေအိုင်အေ ဘက်မှလည်း ကျဆုံးဒဏ်ရာ ရရှိမှုများ ရှိခဲ့ခြင်းဖြစ်သည်။
ဖြစ်ပွားသည့် နေရာမှာ မြစ်ကြီးနား- ဗန်းမော် ကားလမ်းနှင့် ဧရာဝတီမြစ်ကြီး နန်ဆန်ယန်ကျေးရွာ ၀န်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိတွေ့မှုမှာ သစ်မှောင်ခို ကိစ္စရပ်များနှင့် ဆက်စပ်ပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် နှစ်ဖက်အင်အား အနည်းငယ်ဖြင့်သာ ထိတွေ့မှု ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဆင်ရေး အကြီးတန်းအရာရှိက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အဆိုပါ အကြီးတန်း အရာရှိက "ဧပြီထဲမှာ ၇ ရက်မှာတစ်ကြိမ်၊ ၁၇ ရက်နေ့မှာ တစ်ကြိမ် ထိတွေ့မှု ဖြစ်သွားတယ်။ နှစ်ဖက်အင်အား အလုံးအရင်းနဲ့ တွေ့တာမဟုတ်ဘူး။ မတ်လထဲမှာ အဲဒီတောဘက်မှာ သစ်တင်ကား ၃၃ စီး သစ်တင်ပြီးသား တွေ့မိတယ်။ ခြောက်စီးက သစ်တွေနဲ့ မသယ်နိုင်သေးဘူး။ တပ်တွေလှုပ်ရှားရင်း ဖြစ်တာပါ။ သူတို့က ဗန်းမော်ကားလမ်း အရှေ့ဘက်မှာပဲရှိတယ်။ အခုအနောက်ဘက်ခြမ်းမှာ လှုပ်ရှားလာလို့ နယ်မြေရှင်းရင်း ထိတွေ့မှုဖြစ်တာပါ။ နှစ်ဖက်စလုံး အဖွဲ့ငယ်တွေပါပဲ။ နှစ်ကြိမ်စလုံးက အဲဒီဝန်းကျင်မှာပဲ ဖြစ်ပါတယ်။ တပ်မတော်ဘက်က တစ်ဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရပါတယ်။ အရာရှိ မပါပါဘူး။ ဟိုဘက်ကတော့ အခြေအနေ မသိရဘူး။ ကျေးရွာသားတွေကို မောင်းထုတ်တယ် ဆိုတာတော့ မဟုတ်ပါဘူး။ ရွာတွေက ပျက်နေပြီး လူလည်း မနေကြပါဘူး။ သစ်မှောင်ခို ရှိနိုင်တယ်ဆိုပြီး နယ်မြေရှင်းတာပါပဲ။ သစ်ကားတွေမှာတော့ လူမမိပါဘူး။ ကေအိုင်အေကပေးတဲ့ ထောက်ခံစာတွေ၊ အခွန်စာရွက်တွေတော့ တွေ့တယ်။ လူမမိဘူး ညမီးရောင်မြင်တော့ လှမ်းပစ်ပြီး နောက်ရက်မှ လှမ်းလိုက်လို့ သစ်ကားတွေပဲ မိတာပါ" ဟု ပြောကြားသည်။
ကချင်ပြည်နယ် အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ယင်းဖြစ်ရပ်များကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားထားကြောင်း၊ ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ရင်း (၂၅၅) ရှိသည့် နေရာဖြစ်ကြောင်း၊ နောက်ဆက်တွဲ အဖြစ်အပျက်များကို အသေးစိတ် မသိရကြောင်း ပြောကြားသည်။
ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက "သစ်မှောင်ခိုရှိနေတာနဲ့ နယ်မြေရှင်းလင်းရေး လုပ်ရင်း ဖြစ်တာဆိုပြီး ပြောသံကြားရတယ်။ မြောက်ပိုင်းတိုင်းကို ဖုန်းနဲ့တော့ ဆက်သွယ်ထားတာ ရှိပါတယ်။  အစိုးရသစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်မယ်လို့ ပြောထားပြီးသားပါ။ ဒီကြားထဲမှာ အစိုးရအသစ်ဖွဲ့ပြီးဆိုတော့ မကြာခင်ကာလမှာ အားလုံးကိုခေါ်တွေ့ပြီး တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးကြမယ်၊ အားလုံးလည်း အဆင်ပြေမယ်လို့ မျှော်လင့်နေပါတယ်" ဟု ပြောကြားသည်။
အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေး အဖွဲ့တို့သည် ၂၀၁၄ ခုနှစ် မေ ၃၁ ရက် မြစ်ကြီးနား မနောကွင်း ငြိမ်းချမ်းဆွေးနွေးပွဲ အပြီးတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်မှ စတင်ကာ လစဉ်တစ်ကြိမ်မှ နှစ်ကြိမ်အထိ တွေ့ဆုံမှုများ ရှိခဲ့ပြီး တွေ့ဆုံမှုကြောင့် တပ်မတော်နှင့် ကေအိုင်အေတို့၏ တင်းမာမှုများ၊ ပဋိပက္ခများနှင့် ပစ်ခတ်မှု၊ တိုက်ခိုက်မှု အချို့ကိုပါ လျှော့ချနိုင်ခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ကေအိုင်အေ ဗဟိုရုံးစိုက်ရာ လိုင်ဇာဗိုလ်လောင်းသင်တန်းကျောင်းသို့ လက်နက်ကြီး ကျရောက်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် ၂၃ ဦး သေဆုံးပြီးနောက် ကေအိုင်အိုဘက်မှ တွေ့ဆုံမှုကို ရပ်ဆိုင်းလိုက်ပြီး ၂၀၁၅ ခုနှစ် ဧပြီ ၆ ရက်တွင် နှစ်ဖက်ပြန်တွေ့ နိုင်ခဲ့သည်။ ယင်းတွေ့ဆုံပြီးနောက် ကချင်ပြည်နယ်တွင် ဖားကန့်၊ ဆွမ်ပရာဘွမ်၊ တနိုင်းဒေသတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဖားကန့်ဒေသတွင် အရပ်သားများ သေဆုံးမှုများ ရှိခဲ့သော်လည်း နှစ်ဖက်တွေ့ဆုံမှုမှာ ယနေ့အချိန်အထိ ပြုလုပ်နိုင်ခဲ့ခြင်း မရှိတော့ချေ။
ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ရုံးမှ ဗိုလ်မှူးကြီးနော်လီက "ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကို ကြားပါတယ်။ နန်ဆန်ယန်နားက ဘန်ဒေါင်စစ်ပြေး ရွာဟောင်းဘက်မှာလို့ သိရတယ်။ အခင်းနှင့် တောင်ယာသွားလုပ်တဲ့ လူတွေ ပြေးလာကြရတယ်လို့ သိရတယ်။ စစ်သားတွေကလည်း မောင်းထုတ်တယ်လို့ ပြောကြတယ်။ စစ်ကြောင်း သုံးလေးကြောင်းနဲ့ ထိုးစစ်ဆင်တော့ ရှေ့တန်းစခန်းနှစ်ခု ဆုတ်ပေးလိုက်ရတာပါ။ ပစ်ခတ်မှုတွေ ဖြစ်တော့ ကျဆုံးတာ တစ်ဦး နှစ်ဦးနှင့် ဒဏ်ရာရသူတွေ ရှိတယ်လို့ ကြားရပါတယ်။ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တွေ မတွေ့နိုင်တာလည်း တစ်နှစ်လောက်ရှိပြီ။ ကျွန်တော်တို့ဘက်က ပုဂ္ဂိုလ်တွေ အပြောင်းအလဲ မရှိပေမယ့် အစိုးရဘက်က အပြောင်းအလဲတွေ ဖြစ်နေပြီ။ အဲဒီကိစ္စက ကျွန်တော်တို့ ဘက်ကိုလည်း ဘာစာမှ မရောက်ဘူး" ဟု ပြောကြားသည်။
တပ်မတော်နှင့် ကေအိုင်အေတို့သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူချက် ရယူခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့သောကြောင့် လူတစ်သိန်းကျော်မှာ ဒေသရပ်ရွာများကို စွန့်ကာ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်လာခဲ့သည်မှာ ငါးနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။

Writer: 
ထွန်းလင်းအောင် (မြစ်ကြီးနား)

No comments: